ထားဝယ် အောက်တိုဘာ ၂၉

 

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ခရီးသွားကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သတ္တုသယံဇာတ စသည့် လုပ်ငန်းတာဝန်များစွာရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်လိုသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံသူများအနေဖြင့်လည်း လုပ်ငန်းများကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက်လည်း ရင်းနှီးမြှုပ်နှံမှုများကို ယခုထက်ပိုပြီး တိုးတက်များပြားလာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်ဦးက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး ကုမ္ပဏီနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက Pongpipat Development Co., Ltd မှ Bot စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုနှင့် အပန်းဖြေစခန်း လုပ်ငန်းအတွက် ကနဦး မြေရှင်းလင်းခြင်းနှင့် လုပ်ငန်းခွင် ဝင်ရောက်ခွင့်ပြုနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ V&K Pineapple Canning Co., Ltd မှ ထားဝယ်ခရိုင်၊ ထီးခီးဒေသနှင့် မြိတ်ခရိုင်၊ မောတောင်ဒေသတို့တွင် နာနတ်သီးစိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)