၃ ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို မြိတ်မြို့ Pearl Laguna Resort တွင် ဒီဇင်ဘာ ၇ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

တနင်္သာရီ တိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့က ဦးဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်တို့၏ ပူးပေါင်းဆောင်ရွက်မှု၊ Myanmar Investors  Development Association (MIDA) ၏ ပံ့ပိုးကူညီမှုဖြင့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။

 

ထိုသို့ ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာဒေသများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့် အလမ်းများကို ဖော်ထုတ်ပြသခြင်းဖြစ်ပြီး ဖိုရမ်မှတဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင် များနှင့် ပြည်တွင်းလုပ်ငန်းရှင်များအကြား ချိတ်ဆက်ပေးကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေမည်ဖြစ်ကြောင်း ဦးသန့်စင်လွင်က ပြောသည်။

 

တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းကဏ္ဍ၊ သတ္ထုတွင်း လုပ်ငန်းကဏ္ဍနှင့် ခရီးသွား ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင်းအလမ်းများ ဖော်ထုတ်နိုင်မည်ဖြစ်သည်။

" တနင်္သာရီတိုင်းဒေသကြီးကို ကြည့်မယ်ဆိုရင် ဟိုးခေတ်အစဉ်အဆက်က လုပ်ကိုင်လာတဲ့ ရေလုပ်ငန်း ရှိပါတယ်၊ နောက်တစ်ခါ သတ္ထုမိုင်းလုပ်ငန်းတွေ ရှိပါတယ်၊ ဒီလုပ်ငန်းတွေက အရင်ကတည်းကရှိပြီးသား လုပ်ငန်းတွေဖြစ်တဲ့အတွက် ဒါကို ပြည်ပနဲ့ ပေါင်းလုပ်တာတို့၊ နောက်တစ်ခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်တာတို့၊ ပြည်တွင်းလုပ်ငန်းရှင် အချင်းချင်း ပေါင်းလုပ်တာတို့ လုပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ အခုနောက်မှ ပေါ်လာတာကတော့ ခရီးသွား လာရေးကဏ္ဍဖြစ်ပါတယ်၊ ခရီးသွားလာရေးကဏ္ဍဆိုရင် အိမ်နီးနားချင်း ထိုင်းနိုင်ငံက အလွန်စိတ်ဝင်စားနေတာ ဖြစ်တဲ့အတွက် နောက်တစ်ခါ သွားရလာရကလည်း လွယ်ကူတာဖြစ်တဲ့အတွက် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ဒီသုံးခုကို ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ဦးသန့်စင်လွင် က ပြောသည်။

 

ထို့ကြောင့် အဆိုပါ ကဏ္ဍသုံးခုဖြစ်သည့် ရေလုပ်ငန်းကဏ္ဍ၊ သတ္ထုတွင်းလုပ်ငန်းကဏ္ဍနှင့် ခရီးသွား ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအား သိသင့်သိထိုက်သည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အချက်အလက်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့က ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးတွင် ရေငန်ပုဇွန် မွေးမြူထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း တစ်ခုသာရှိပြီး ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကျပ်သန်းပေါင်း ၃၃၀ဝ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ ယခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၉၂ ဒဿမ ၆၂၉ သန်း ရရှိထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားသည်။

 

Nyein Nyein