မြိတ် ၂၀ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုဖိုရမ်ကို နိုဝင်ဘာလတွင် မြိတ်မြို့၌ ကျင်းပမည်ဖြစ်ရာ ဖိုရမ်တက် ရောက်ရန် နိုင်ငံတကာမှ စတင်ချိတ် ဆက်ဆောင်ရွက်လာကြကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တိုင်းဒေသကြီးအတွင်း သဘာဝအခြေခံခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား ဖော်ထုတ်ရန်၊ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဖြင့် ပိုမိုမြှင့်တင်နိုင်ရန်၊ စီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် စီးပွားရေးပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် နိုဝင်ဘာလတွင် မြိတ်မြို့ ပုလဲသန္တာဟိုတယ်၌ ကျင်းပသွားမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲများတွင် MIC နှင့်ဆိုင်သည့် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်စီမံကိန်းများ၊ Sea View Condo စီမံကိန်း၊ သတ္တုလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ဒေသထွက်ကုန် SME ကဏ္ဍများ ပြသမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၏ အဓိက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာနှင့် စိန်ခေါ်မှုများအကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရင်းနှီးမြုပ်နှံမှုဖိုရမ်ကျင်းပရေး အထောက်အကူပြု လုပ်ငန်းကော်မတီများမှ အောက်တိုဘာလ(၂၀)ရက် နေ့လယ်(၂)နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ကဏ္ဍအလိုက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို နိုင်ငံတကာပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများကို ဖိတ်ကြားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် လာရောက်ကြသည့် ဧည့်သည်များကို မြိတ်ခရိုင်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လေ့လာရေး ပို့ဆောင်ပေးသွားမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တက်ရောက်ရန် နိုင်ငံတကာမှ စတင်ချိတ် ဆက်ဆောင်ရွက်လာကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


