မြိတ် ၉ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးကဏ္ဍတစ်ရပ်အဖြစ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာလ၌ မြိတ်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား ဖော်ထုတ်ရန်၊ အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဖြင့် ပိုမိုမြှင့်တင်နိုင်ရန်၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် စီးပွားရေးပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပသွာမည်ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အောက်တိုဘာလတွင် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးဖိုရမ် ကျင်းပနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့ဖြင့် သြဂုတ်လ(၇)ရက် ညပိုင်းတွင် မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲများတွင် MIC နှင့်ဆိုင်သည့် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်စီမံကိန်းများ၊ Sea View Condo စီမံကိန်း၊ သတ္တုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ် ငန်းများ၊ ဒေသထွက်ကုန် SME ကဏ္ဍများ ပြသမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၏ အဓိက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာနှင့် စိန်ခေါ်မှုများအကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အိမ်နီး ချင်းနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ကြားသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် လာရောက်ကြသည့် ဧည့်သည်များကို မြိတ်ခရိုင်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လေ့လာရေး ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


