ထားဝယ် ၁၄ ဇန်နဝါရီ
တနင်္သာရီတိုင်း ဒေသကြီးတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အမှာ စကား ပြောကြားရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကလေးငယ်များ၏ ကျန်းမာရေး ပြဿနာများကို ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို ဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ အသက်(၅) နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ရောဂါများအတွက် သင့်လျော်သည့် ကာကွယ်ဆေး အသစ်များကို ထပ်မံထည့်သွင်းထိုးနှံခြင်းဖြင့် ကလေးများ၏ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို ထပ်မံလျော့ချနိုင်ရန် စသည့်ရည်မှန်းချက်များထားပြီး ဆောင်ရွက်နေကြောင်း၊ နှစ်စဉ်မွေးဖွားလျက် ရှိသော အသက်(၁)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်နဲ့ ကာကွယ်ဆေး (၁၁)မျိုးကို ထိုးနှံတိုက်ကျွေးခြင်းဖြင့် အသက်(၅)နှစ်အောက် ကလေးများအား ကူးစက်ရောဂါ (၁၁) မျိုးမှဖြစ်ပွား၊ သေဆုံးမှုမရှိရအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုတည်း အနြေဖင့် လုပ်ဆောင်၍ မရသောကြောင့် သက်ဆိုင်ရာဒေသအသီးသီးက အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊နှီးနွှယ်ဆက်စပ်သော ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ INGOများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မိခင်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမှာဖြစ်၍ ဝိုင်းဝန်းကူညီပံ့ပိုးပေး ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးမှူးဒေါက်တာထွန်းမင်းက ကာကွယ်ဆေးထိုး လုပ်ငန်းများ အရှိန်ဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး တိုးချဲ့ကာကွယ်ဆေးထိုး ဌာနခွဲအဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာမြတ်ဖြူပြာအေးက ကာကွယ်ဆေးထိုးလုပ်ငန်း များအကြောင်းရှင်းလင်းပြောကြားသည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးဟိုပင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဋ္ဌ ဦးကြည်စိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်ပြန်/ဆက်