ထားဝယ် နိုဝင်ဘာ ၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထားဝယ်တက္ကသိုလ်၌ ဘာသာရပ် အသီးသီးတွင် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ သစ်လွင်များကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား/ ကျောင်းသူများအား အဆင့်မြင့်ပညာရပ်များကို စတင်သင်ကြားနိုင်ရန်အတွက် အင်အားဖြည့်၍ ဘာသာရပ်အသီးသီးတွင် ခန့်အပ်ပြီးသော ဆရာ/ဆရာမများကို နှုတ်ခွန်းဆက်ကျေးဇူးတင်စကား ပြောကြားခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အတိုင်းအတာတစ်ခုအထိ ထိုးနှံထားပြီးဖြစ်သောကြောင့် မကြာမီ အချိန်အတွင်း အဆင့်မြင့်ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းပညာရပ်များတွင် ဆရာ/ဆရာမများ သင်ကြားခဲ့သော ဘာသာရပ်များကို ကျောင်းမှာရှိသော ကျောင်းသား/ ကျောင်းသူများအား သင်ကြားပေးရမည်ဖြစ်သည့်အတွက် တာဝန်ပိုရှိကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ပညာသင်ကြားရေးအပိုင်းတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် သင်ကြားပေးစေလိုကြောင်း၊ ဆရာ/ဆရာမများက ကျောင်းသား/ ကျောင်းသူများအပေါ်တွင် ကရုဏာထားပြီး ကျောင်းသား/ ကျောင်းသူများ၌ တွေ့ကြုံရသော အခက်အခဲများကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးပြီး လုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/ ကျောင်းသူများအား ဘာသာရပ်များအပြင် အတွေးအခေါ်ပညာရပ်များ၊ စာရိတ္တများကိုပါ သင်ကြားပေးပြီး အကောင်းဆုံး ပန်းပုထုသောပညာရှင်များ၊ နိုင်ငံတော်ကို တည်ဆောက်သူများ၊ အောင်အောင်မြင်မြင် ဘဝတတ်လှမ်းသူများဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထားဝယ်တက္ကသိုလ်အတွက် အသစ်ခန့်အပ်သည့် သင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာမ (၄၄)ဦးအား တာဝန်ရှိသူများက ဒီဇင်ဘာ ၈ ရက်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


