ထားဝယ် နိုဝင်ဘာ ၂၀

“အားလုံးအကျုံးဝင် ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့” ဟူသောဆောင်ပုဒ်နှင့် အညီ (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ် လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်တွင်ပါရှိသော ကလေးသူငယ် အခွင့်အရေး (၄)ရပ်မှာ ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကလေးသူငယ်များကို အကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှု အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏ အရေးကိစ္စများတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်တို့ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရန် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံး သိရှိရန်နှင့်ကလေးတိုင်း လက်လှမ်းမီတန်းတူညီတူ ရရှိနိုင်ရန်အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ၍ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

အခမ်းအနားတွင် မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက သားငယ်သမီးငယ်လေးများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်