မြိတ်  ဇန်နဝါရီ ၁

နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသား ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်စေရေး အတွက် မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုအားလုံး၏လက်ဝယ်တွင် နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက် ပြီးစီးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပေးအပ်ပွဲကို ဒီဇင်ဘာ ၃၁ ရက်က မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်က မြိတ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် ပန်းခင်းစီမံချက်ကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ဦးစီးဌာနမှူးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများနှင့် တပ်ရင်းတပ်ဖွဲ့များ၌ ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်များကို ပေးအပ်ရာ ပြည်သူများကိုယ်စား ဂရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် မြိတ်ခရိုင်ရှိ မြို့နယ် လေးမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း ၁၁၃၀၆ စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ် ၁၇၅၁၉ ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မြိတ်မြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ အိမ်ထောင်စု လူဦးရေစာရင်း ၃၈၁၉ စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ် ၅၁၁၅ ကတ်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)