ခမောက်ကြီး ၄ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၂၁၄ ဒသမ ၅၀ဝ သန်းဖြင့် တည်ဆောက်လျက်ရှိသော ခမောက်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် (ပေ ၁၃၀ × ပေ ၃၀) RCC နှစ်ထပ်အဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ထိုင်း-မြန်မာနယ်စပ် ရှမ်း(၉)ရွာနယ်စပ်ပတ်လမ်းသို့ သွားရောက်နိုင်သည့် ဖောင်ဆိပ်တံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းက တံတားတည်ဆောက်နေမှုအခြေအနေနှင့် တည်ဆောက်ပြီးစီးမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က တည်ဆောက်ရေး လုပ်ငန်းအဆင့်ဆင့် အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များကို မှာကြားသည်။

 

အဆိုပါတံတားတည်ဆောက်ရေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့မှစ၍ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တံတားစီမံကိန်း ခန့်မှန်းတန်ဖိုး ကျပ်သန်း (၁၃၆၅ ဒသမ ဝ၀)ဖြင့် တံတားအရှည်ပေ (၃၅၀)၊ ယာဉ်သွားလမ်းအကျယ် (၁၈)ပေ၊ ရေလမ်းကင်းလွတ်အကျယ် ပေ (၆၀)၊ ခွင့်ပြုယာဉ်အလေးချိန် (၇၅)တန်၊ R.C ကွန်ကရစ်တံတားအမျိုးအစားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ကျေးလက်ဦးစီးဌာနရန်ပုံငွေ ကျပ်သန်း(၉၀ဝ)ဖြင့် ဆောင်ရွက်လျက်ရှိရာ တံတားစင်းလုံးပြီးစီးမှု (၆၀)ရာခိုင်နှုန်း၊ ရန်ပုံငွေအရပြီးစီးမှု (၈၉)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ချဉ်းကပ်လမ်းအတွက် ခန့်မှန်းတန်ဖိုး ကျပ်သန်း (၅၀ ဒသမ ဝ၀)နှင့် တံတားတည်ဆောက်မှုအတွက် ကျပ်သန်း (၄၆၅ ဒသမ ဝ၀)သန်း ထပ်မံလိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

နန့်လေးလေး (ခမောက်ကြီး ပြန်/ဆက်)