ထားဝယ် ၁၈ မတ် 

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မတ် ၁၇ ရက် မွန်းလွဲပိုင်းက ထီးခီးကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမ၌ ထီးခီးဒေသ တာဝန်ကျဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးမြင့်မောင်က ထီးခီးနယ်စပ်ဂိတ်တွင် 2019 Novel Coronavirus (COVID-19) နှင့် ပတ်သက်၍ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအား သေသေချာချာ ဆောင်ရွက်သင့်ပါကြောင်း၊ တရားမဝင် ကုန်စည်စီးဆင်းမှုများအား ဌာနတစ်ခုနှင့်တစ်ခု ပူးပေါင်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်မှသာ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးစခန်း၏ အခြေအနေ၊ အခက်အခဲများကို တာဝန်ကျဝန်ထမ်းများက ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်းက 2019 Novel Coronavirus (COVID-19) ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ထီးခီးဒေသ တာဝန်ကျဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထီးခီးနယ်စပ်ဂိတ်တွင် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် 2019 Novel Coronavirus (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများထံ Face Mask များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

ဦးကျော်ကျော်လတ်(ပြန်/ဆက်)