တနင်္သာရီ  ၃  ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)မှ တာဝန်ရှိသူများ၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်/ ခရိုင်အဆင့် တာဝန်ရှိသူများ  လိုက်ပါ၍ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီခွဲက တနင်္သာရီတံတားစီမံကိန်း၊ တည်ဆောက်ရေးအဖွဲ့(၄) ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ  ဝန်ကြီးချုပ်အား တနင်္သာရီတံတားနှင့် ဗောဓိကမ်း တံတားတည်ဆောက်ရေး စီမံကိန်းပြီးမှု အခြေအနေများကို တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်းကလည်းကောင်း၊ တံတားချဉ်းကပ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်ဝင်း ကလည်းကောင်း၊ ကျေးလက်တံတား/လမ်းများ အခြေအနေအား ကျေးလက်လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မိုးဦး ကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

 

ယင်းနောက် ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တနင်္သာရီ တံတားပြီးစီးမှု၊ ချဉ်းကမ်းလမ်း ပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများကို တနင်္သာရီတံတားပေါ်မှ ဖြတ်သန်း၍ ကြည့်ရှုစစ်ဆေးကာ သတ်မှတ် စံချိန်စံညွှန်း နှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး လမ်းညွှန်ကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တနင်္သာရီမြို့နှင့် ဗောဓိကမ်းကျေးရွာသို့ ဆက်သွယ်မည့် ဗောဓိကမ်းတံတား တည်ဆောက်ရေး စီမံကိန်းသို့ လက်ရှိပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များ/အခက်အခဲများနှင့် ပတ်သက်၍ ပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

 

တနင်္သာရီ တံတားသစ်၏ အရှည်မှာ(၁၄၄၄)ပေ၊ ယာဉ်သွားလမ်း အကျယ်မှာ(၂၈)ပေ၊ လူသွားလမ်းက တစ်ဖက်လျှင် (၄)ပေအကျယ်စီ၊ ရေလမ်းကင်းလွတ် အကျယ်မှာ(၁၆၄)ပေ၊ ရေလမ်းကင်းလွတ် အမြင့်မှာ (၃၃)ပေ ဖြစ်သည်။  တံတား အမျိုးအစားမှာ (က)အောက်ခြေအုတ်မြစ်(1.5)mQ ဘိုးပိုင်၊ (ခ)RC ကွန်ကရစ်ကိုယ်ထည်ဖြစ်ပြီး၊ (ဂ)အပေါ်ထည်မှာ RC Girder, PC Girder, Steel Box Girder နှင့် RC Decking တို့ဖြစ်ကာ ယာဉ်နှင့်ကုန် (၇၅)တန် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး လက်ရှိအထိ တံတားတစ်စင်းလုံး၏ (၉၆)ရာနှုန်း ပြီးစီးနေပြီ ဖြစ်သည်။

 

ဗောဓိကမ်းတံတားမှာ အရှည်(၇၈၇ပေ)(၂၄၀မီတာ)၊ တံတားခန်းဖွင့်မှုမှာ(၃၀မီတာ)x(၈) ခန်းပါရှိ၍  တံတား အမျိုးအစားမှာ  အောက်ခြေအုတ်မြစ် အချင်း(၁.၂မီတာ)ရှိသော ဘိုးပိုင်ဖြစ်၍၊ ကိုယ်ထည်က R.C Concrete၊ အပေါ်ထည်မှာ P.C Girder & Decking Slab၊ ယာဉ်သွားလမ်း အကျယ်(၂၄ပေ)၊ လူသွားလမ်းအကျယ်မှာ တစ်ဖက်လျင်(၃ပေ)စီ၊ ရေလမ်းကင်းလွတ် အကျယ်(၆၆) ပေ၊ ရေလမ်းကင်းလွတ် အမြင့်(၇ပေ)၊ ခွင့်ပြုယာဉ်နှင့် ကုန်အလေးချိန်မှာ(၇၅)တန်ဖြစ်ကြောင်း ၊ တံတားစီမံကိန်း လုပ်ငန်း၏ ခန့်မှန်းကုန်ကျငွေ တန်ဖိုးမှာ (ချဉ်းကပ်လမ်း အပါအဝင်) ကျပ်သန်းပေါင်း (၅၂၀ဝ)ဖြစ်ပြီး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးခြင်းဖြစ်ပြီး၊ ယနေ့အထိ တံတားတစ်စင်းလုံး၏ (၆၃)ရာနှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေး အဖွဲ့(၄)ထံမှ သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)