ထားဝယ် ဩဂုတ် ၁၉
နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ရန်အတွက် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ငွေကုန်ကြေးကျလည်း များလွန်းကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရမှာဖြစ်သည့်အတွက် သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်သူအားလုံး တာဝန်ကြီးမားကြောင်း၊ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းသားများအနေဖြင့် နည်းပြတာဝန် ထမ်းဆောင်ကြရမှာဖြစ်သောကြောင့် အရည်အချင်းပြည့်ဝသည့် စာရင်းစစ်၊ စာရင်းကောက်များ မွေးထုတ်နိုင်ရန် သင်တန်းသားများ၏ အခန်းကဏ္ဍနှင့် ကြိုးစားအားထုတ်မှုတို့က အရေးကြီးကြောင်း၊ သင်တန်းတွင် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်သလို အပြန်အလှန်ဆွေးနွေးခြင်း ပဟေဠိ အမေးအဖြေများဖြင့်လည်း ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ကြောင်း။
ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုအပေါ် သေသေချာချာ လေ့လာမှတ်သားပြီး မိမိတို့က နည်းပြအဖြစ် ပြန်လည်သင်ကြားပို့ချသည့်အခါ မခြွင်းမချန် ထိရောက်စွာ ပြန်လည်အသုံးချ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် (၁)လကျော်သာ ကျန်ရှိသောကြောင့် ယခုကတည်းက အစစအရာရာ အသေးစိတ် ကြိုတင်ပြင်ဆင်ထားရှိမှသာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ချောမွေ့စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါရှိဘဲ မိမိတို့အင်အားဖြင့်သာ ဆောင်ရွက်ရမှာဖြစ်သည့်အတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းသည် လက်ရှိကာလတွင်ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို မိမိတို့အားလုံး၏ စည်းလုံး ညီညွတ်မှုစွမ်းအားဖြင့် စွမ်းဆောင်နိုင်မှုမှတ်တိုင်အဖြစ် ပြသနိုင်မှာဖြစ်သည့်အတွက် အဆင့်ဆင့်သော သန်းခေါင်စာရင်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံး အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းအထောက်အကူပြု ကုန်ကျစရိတ်ငွေကျပ် (၁၁၄)သိန်းပေးအပ်ရာ ကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက လက်ခံရယူပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းအထောက်အကူပြုပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


