ထားဝယ် ဧပြီ ၁၀

နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ စာပဒေသာဝေဆာစေရမည် Video Clip အားပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားကို နေပြည်တော်၌လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အခမ်းအနားကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့၌ တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ တစ်နိုင်ငံလုံးဆောင်ရွက်သည့် လှူဒါန်းပွဲကြီးဖြစ်ကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာမှာ ယနေ့ကာလ၌ ခရိုင်နှင့် မြို့နယ်အဆင့် စာကြည့်တိုက်ပေါင်း (၄၁၀)ကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ပေးထားကြောင်း၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူ လူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း (၃၅၀၀)ကျော်ရှိကြောင်း၊ သုတဖြစ်စေ ရသဖြစ်စေ စာကောင်းပေမွန်တို့ကို ငယ်စဉ်ကာလပင် စွဲမြဲစွာဖတ်ရှုသည့် အလေ့အထရှိရန်လိုအပ်ကြောင်း၊ ကလေးသူငယ် လူငယ်လူရွယ်များ အရွယ်အလိုက် စာပေကိုဖတ်ရှုကြရန် ပျိုးထောင်ပေးရန်လည်း လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ စာအုပ်စာပေများကို လက်လှမ်းမီစွာ ဖတ်ရှုနိုင်အောင် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် မတည်ငွေ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ပံ့ပိုးမှု၊ ပြည်သူလူထုထည့်ဝင်ငွေများဖြင့် တိုင်းဒေသကြီးအတွင်း ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် (၁၂၈၀)တိုက်ကို ဖွင့်လှစ်ပေးခဲ့ပြီး စံညီစာကြည့်တိုက် (၁၇၀)တိုက်ရှိသည်ဟု သိရကြောင်း။

ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့အထနှင့် စာကြည့်တိုက်များကို အသုံးပြုတတ်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ၊ စာကြည့်တိုက်အလုပ်ရုံ ဆွေးနွေးပွဲများ၊ တက္ကသိုလ်အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၌ လူငယ်စကားဝိုင်းများကို ကျယ်ပြန့်စွာဆောင်ရွက်ခြင်းသည် လူငယ်လူရွယ်များအနေဖြင့် မိမိသိလိုသော စာပေဗဟုသုတနှင့် သတင်းအချက်အလက်များကို လေ့လာခြင်း၊ ရှာဖွေခြင်းဖြင့် မိမိတို့အားသန်ရာ သုတရသ စာပေများကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိလာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စာကြည့်တိုက်များ တည်တံ့ရန်၊ တိုးတက်လာရန် အလေးထားအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ရှင်သန်လာအောင် အုပ်ချုပ်ရေးအဖွဲ့များ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ ပြည်သူများ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ယနေ့အခမ်းအနားတွင် စာပေဖတ်ရှုမှု အားပေးသည့် စာပေကိုတန်ဖိုးထားသော စေတနာရှင် အလှူရှင်များအားလုံးကို လှူဒါန်းပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဦးက စာအုပ်စာပေများ လှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသော စာအုပ်နှင့် ငွေကျပ်သိန်း(၁၀၀)၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်အလှူရှင်များ လှူဒါန်းသော ငွေကျပ် ၂၂၈၁၀၀၀၀ နှင့် စာအုပ်စာစောင် (၆၄၇)အုပ်၏ တန်ဖိုးငွေ ၂၉၆၉၇၀၀ ကျပ်စုစုပေါင်း ၂၅၇၇၉၇၀၀ ကျပ်အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ သုတရသစာအုပ်စာစောင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)