ထားဝယ် ဩဂုတ် ၂၃

 

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ဦးစွာ ကျောင်းသားကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

 

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူများ မှန်ကန်သည့် အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကို အသိပညာပြည့်ဝသည့် လူငယ်များနှင့် တည်ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မှာဖြစ်ကြောင်း၊ ယနေ့ခေတ် လူငယ်များ၏ဘဝသည် အလွန်အရေးကြီးပြီး ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူထမ်းဆောင်မည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ် လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ၊ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ကြရမည့် လုပ်ငန်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းအသီးသီးကပါ ဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန် စသည့်အချက်များနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒါကြောင့် တိုင်းပြည်၏ စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား/ကျောင်းသူများ ကျောင်းစာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ဆရာ/ဆရာမများက ဆောင်ရွက်ပေးကြရန်၊ အားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်၌ စာဖတ်သည့် အလေ့အထရရှိအောင် လေ့ကျင့်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက စာပေအသိပညာဟောပြောပေးသော စာရေးဆရာအန်ကယ်ပညာနှင့် စာရေးဆရာဖိုးရွှေသွန်းအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ကာ ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အလှူရှင်များ(ကိုယ်စား) ကျောင်းအကျိုးတော်ဆောင်တို့က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကိုလည်းကောင်း၊ အလှူရှင်များက လှူဒါန်းငွေများကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးလွင်ဦးက လက်ခံရယူပြီး ကျောင်းသားကျောင်းသူများက ဘက်စုံပညာဂုဏ်ရည်တို့လှမ်းချီသီချင်းဖြင့် သီဆို၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

 

 

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်မြောက်အောင်မြင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ် (၂၅)သိန်း၊ အလှူရှင်များနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များက ကျောင်းသား/ကျောင်းသူများကို အာဟာရကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

တိုင်းဒေသကြီး(ပြန်/ဆက်)