ထားဝယ် စက်တင်ဘာ ၄

 

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်တို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

ထို့နောက် ကျောင်းသား/ကျောင်းသူများက တနင်္သာရီပုလဲဧကရီသီချင်းဖြင့် ကပြဖျော်ဖြေမှု၊ ဘင်ခရာနှင့် ပန်းပွားအကများ၏ သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများချီးမြှင့်ပြီး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများအား လိုက်လံကြည့်ရှုအားပေး၍  ကျောင်းသုံးဗလာစာအုပ်များ ဂုဏ်ပြုလက်ဆောင်ပေးအပ်၍ အာဟာရဖြည့်ကြက်ဥများကို တစ်ဦးချင်းပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ စကားရည်လုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်စာစီစာကုံး ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ အနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်း၊ ခွက်နင်းကစားနည်များနှင့် စာအုပ်များရောင်းချနေမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ကျောင်းသုံး ဗလာစာအုပ်များပေးအပ်ခဲ့သည်။

 

ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)မှ ကျောင်းသား/ကျောင်းသူများ၊ အမှတ်(၅)နှင့် အမှတ်(၈)ကျောင်းများမှ လာရောက်လေ့လာသူများနှင့် မဟာရွှေဂုဏ်ထူး ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၃၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကာ ပြိုင်ပွဲများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြသည့် ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို စက်တင်ဘာ ၅ ရက်တွင် ဆုများပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)