ထားဝယ် ဇွန် ၅

 

တစ်ခုတည်းသောကမ္ဘာမြေ Only  One  Earth ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝသယံဇာတ အရင်းအမြစ်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ပင်လယ်ကမ်းခြေများ၊ ကျွန်းများ၊ သဘာဝဓါတ်ငွေ့ စသော ပတ်ဝန်းကျင် ရေခံ၊ မြေခံကောင်းများ ပိုင်ဆိုင်ထားပြီး မြေအသုံးချမှုပြောင်းလဲခြင်းများ၊ ဓါတ်သတ္တုတူးဖော်မှုများ၊ တရားမဝင် သစ်ထုတ်လုပ်ခြင်းနှင့် အမဲလိုက်ခြင်းများ၊ စည်းကမ်းမဲ့ ငါးဖမ်းခြင်းများနှင့် ရေသယံဇာတ ထုတ်ယူသုံးစွဲမှုများက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ပျက်စီးရန် အဓိကခြိမ်းခြောက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ရရှိစေရန် ရည်ရွယ်ပြီး တိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုလုပ်ငန်း စီမံချက်ရေးဆွဲခဲ့ရာတွင် နောက်ဆုံးမူကြမ်းအဆင့်အထိ ရောက်ရှိနေပြီကြောင်း၊ ၎င်းလုပ်ငန်းစီမံချက်မှာ နယ်ပယ်ခေါင်းစဉ်အလိုက် ကဏ္ဍ (၁၅)ခုပါဝင်ပြီး ကဏ္ဍအလိုက်  ပြဿနာရပ်များအပေါ် ဖြေရှင်းနိုင်သော နည်းလမ်းများကို သက်ဆိုင်ရာ ဌာနများက ဆောင်ရွက်နိုင်ရန် လိုအပ်သော ရန်ပုံငွေထည့်သွင်းတောင်းခံခြင်း၊ စနစ်တကျစီမံဆောင်ရွက်ခြင်း၊ စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း၊ ဆက်စပ်ပတ်သက်သူများနှင့် ပြည်သူလူထုထံသို့ ဖြန့်ဝေအသိပေးခြင်းများ ဆောင်ရွက်သွားမည်ဆိုပါက သန့်ရှင်းသော ပတ်ဝန်းကျင်ဖြင့် ကောင်းမွန်သော ဂေဟစနစ်များ ပိုင်ဆိုင်လျက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအား မလွဲမသွေ ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များအား ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင် ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဗီဒီယိုနှင့်  ၂၀၂၂ ခုနှစ်၊  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယို ပြသသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးတို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ  တက်ရောက်လာသော ဧည့်သည်တော်များက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)