မြိတ် နိုဝင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုံရှိ စက်ရုံအလုပ်ရုံများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ထားမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဲင်း(န်)တေ့(ချ်) ကုမ္ပဏီ၏ ငါးအမှုန့်ကြိတ်စက်ရုံ၌ လုပ်ငန်းခွင် မတော်တဆဖြစ်၍ လုပ်သားသေဆုံးမှုဖြစ်ခဲ့သည့်နေရာကို ကြည့်ရှုကာ စက်ရုံတာဝန်ရှိသူများအား လုပ်ငန်းခွင် ဘေးအန္တရာယ်မဖြစ်စေရေး အလေးထားကြပ်မတ် ဆောင်ရွက်ကြရန် မှာကြားပြီး အဆောင်ကောင်းကုမ္ပဏီ အစည်းအဝေးခန်းမတွင် အင်းလေးမြိုင်စက်မှုဇုံရှိ စက်ရုံအလုပ်ရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်း က စက်မှုဇုန်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး အဆောင်ကောင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက စက်ရုံလုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက စက်ရုံအလုပ်ရုံ များဖွံ့ဖြိုးတိုး တက်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးကို အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံအလုပ်ရုံများ အနေဖြင့်လည်း ဘေးအန္တရာယ်ကင်းရှင်းရန် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ကြရန်လိုကြောင်း၊ ဒေသထွက်ကုန်များကိုလည်း ယခုထက်ပိုမိုထုတ်လုပ်နိုင်ရန် ကြိုးစားစေလိုကြောင်း၊ နိုင်ငံတော် အနေဖြင့် စက်မှုဇုန်နှင့်ပတ်သက်ပြီး လိုအပ်သည်များကို ကူညီပေးလျက်ရှိကြောင်း ပြောကြား သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖျာကျေးရွာရှိ Makro Manufacturing ကုမ္ပဏီ ငါးသေတ္တာစက်ရုံသို့ရောက်ရှိပြီး ထုတ်ကုန်များ ပိုမိုထုတ်လုပ်တင်ပို့ရေး အားပေးစကား ပြောကြား၍ READY ငါးသေတ္တာကုန်ချော ထုတ်ကုန် များကိုလည်းကောင်း၊ ငါးသေတ္တာစက်ရုံ အတွင်း လုပ်သားများဖြင့်တစ်နေ့လျှင် ငါးသေတ္တာဗူးအလုံးရေ (၁)သိန်း (၃)သောင်းခန့် ကုန်ချော ထုတ်လုပ်နေမှုများကို လည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)