မြိတ် နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ နိုဝင်ဘာ(၁၉)ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ်၌ ဖွင့်လှစ်သည့် အခြေခံပညာ အထက်တန်း ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ် သင်ဆရာ/မများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်မွမ်းမံ သင်တန်းသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းပို့ချပေးမည့် မြိတ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက တစ်ဦးချင်း မိတ်ဆက်ကြပြီး မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် မြိတ်တက္ကသိုလ်တွင် ဘာသာရပ်အလိုက် လက်တွေ့ခန်းများ၌ သင်တန်းနည်းပြ များက သင်ထောက်ကူပစ္စည်းများဖြင့် ဆရာ/မများကို သင်ကြားပေးလျက်ရှိရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။
သင်တန်းကို နိုဝင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ နံနက် ၉ နာရီမှ ၄ နာရီအထိ သင်တန်း နည်းပြ(၁၆)ဦးက မြိတ်ခရိုင်အတွင်းရှိ မြို့နယ်(၄) မြို့နယ်မှ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်သင် ဆရာ/ဆရာမ(၂၂၆)ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတွင် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား အထူးကုဆရာဝန်ကြီးများမှ မျက်စိရောဂါ ဝေဒနာများကို အခမဲ့ စမ်းသပ်ခွဲစိတ် ဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)