ထားဝယ် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် U.I.D Number ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပန်းခင်းစီမံချက်ကို ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများအနေဖြင့် မွေးရာပါ နိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရဖြစ်သော နိုင်ငံသားများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ကာယကံရှင် တိုင်းရင်းသားပြည်သူများထံ ဆောင်ရွက်ပေးအပ်နိုင်သည့်အတွက်လည်း ဝမ်းမြောက်မိကြောင်း၊ ပန်းခင်းစီမံချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ရသော်လည်း အခြားသော ဆက်စပ်ဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှု၊ တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုရှိမှသာ အောင်မြင်မှုရရှိနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်လျက်ရှိသော်လည်း ယခုအခါတွင် များစွာဆုံးရှုံးခဲ့ရကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလေးထား လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားများ၏ ကိုယ်ရေးအချက်အလက်များ စိစစ်ထည့်သွင်းခဲ့ပြီး ဇီဝဆိုင်ရာ အချက်အလက်တို့ကို ခေတ်မီနည်းစနစ်များဖြင့် စိစစ်ကောက်ယူ ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)