ထားဝယ် အောက်တိုဘာ ၁၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသား တိုင်ရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ် ဦးစီးမှူးရုံးက ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မော်ရှည်ကုန်းကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ဦးစွာ ဝန်ကြီးချုပ်က ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဒေသခံပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

 

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းများကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)