တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

ထားဝယ် နိုဝင်ဘာ ၁၀

တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာနိုင်ငံသည် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် တိုင်းရင်းသားလူမျိုးစုပေါင်း (၁၃၅)မျိုးခန့်နေထိုင်ကြပြီး လူမျိုးစုတစ်ခုချင်းစီတွင် ကိုယ်ပိုင်ဘာသာစကားများရှိကြကြောင်း၊ တိုင်းရင်းသားဘာသာစကားကို မကာကွယ်မစောင့်ရှောက်နိုင်ပါက ဘာသာစကားပျောက်ကွယ်သွားနိုင်ပြီး လူမျိုးပါပျောက်ကွယ်နိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သင်ကြားရေး အထောက်အကူပြုနှင့် ဘာသာစကားသင် ဆရာ၊ ဆရာမများ ခန့်အပ်တာဝန်ပေးခြင်းမှာ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ထိန်းသိမ်းဆောင်ရွက်ကြစေလို၍ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်တိုင်းရင်းသား ဘာသာစကား (၇၂)မျိုးဖြင့် သင်ကြားပေးလျက်ရှိကြောင်း၊ ယခုဆွေးနွေးပွဲကာလအတွင်း ဘာသာစကား သင်ဆရာ ဆရာမများအနေဖြင့် ဆွေးနွေးပို့ချပေးသော ဘာသာရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ကြိုးစား သင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များအား မွန်တိုင်းရင်းသူများက “ချစ်ခွန်းသီဟန် ဟင်္သာမောင်နှံ” သီချင်းနှင့် “ယဉ်ကျေးသိမ်မွေ့ ရာမညဓလေ့” သီချင်းဖြင့်လည်းကောင်း၊ ကရင်တိုင်းရင်းသား တိုင်းရင်းသူများက “စည်လုံးချစ်ကြည်၊ ကရင်ဌာနီ” သီချင်း၊“ တူစုံနွှဲပျော် နှစ်သစ်ကူးပွဲတော်” သီချင်းဖြင့်လည်းကောင်း၊ ပညာရေးဘွဲ့ စာပေးစာယူသင်တန်းသား သင်တန်းသူများက၊ "လှမ်းခဲ့ထားဝယ်မြေ” သီချင်းဖြင့် လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကပြဖျော်ဖြေတင်ဆက်သော အကအဖွဲ့များအား ဆုငွေ(၆)သိန်းချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ကြသည်။ 

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းရာကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သူများအား ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်ခရိုင်မှရဲဗလတံဆိပ်ရရှိသူ (၈)ဦးကို ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းပြီး ရဲဗလတံဆိပ်ရရှိသူများကိုယ်စား ရဲဗလတံဆိပ်ရရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်