ထားဝယ် ၆ ဖေဖော်ဝါရီ

 

၂၀၁၉ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ သစ္စာစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ အလေးအနက်ထား ဆောင်ရွက်ပေးခဲ့ကြသည့် ဝန်ထမ်းများနှင့် မြို့နယ်ဦးစီးမှူးရုံးများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကား ပြောကြားရာ၌ သစ္စာစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအတွင်း ပြည်သူများအား စေတနာရှေ့ထား၍ ဝန်ထမ်းများ၏ပင်ပန်းခံ ဆောင်ရွက်ပေးမှုကြောင့် ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင်မပျက် ကုန်ကျစရိတ်မပါဘဲ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်ရရှိမှုကြောင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်းပြည်ပခရီးသွားရာတွင် အသုံးပြုရမည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် ပတ်စ်ပို့များ ဆက်လက်စီမံဆောင်ရွက်နိုင်ခြင်းတို့ကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူများစွာရရှိမည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်ကြုံတွေ့ရသည့် အခက်အခဲများအပေါ် မငြီးမညူပဲ စေတနာထား၍ကြိုးစားလုပ်ဆောင်မှုကြောင့် ယခုကဲ့သို့ အောင်မြင်မှု ရရှိသည်ကို တွေ့ရှိရပါကြောင်း၊ယခုဆောင်ရွက်ခဲ့သည့်(၆)လ သစ္စာစီမံချက်အပေါ် အောင်မြင်အောင် အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည့် တိုင်း/ခရိုင်အဆင့်တာဝန်ရှိသူများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲရင့်သိန်းက သစ္စာစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်က မြို့နယ်အလိုက်လုပ်ငန်း စွမ်းဆောင်ရည်ဂုဏ်ပြုဆုများချီးမြှင့်ပြီး တာဝန်ရှိသူများက တစ်ဦးချင်းစီအလိုက် လုပ်ငန်း စွမ်းဆောင်ရည်ဂုဏ်ပြုဆုနှင့် လုပ်ငန်းအောင်မြင်အောင် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ပေးခဲ့ကြသည့် တိုင်း/ခရိုင်ဦးစီးမှူးရုံးများအလိုက် အရာထမ်းများအားဂုဏ်ပြုဆုများ ချီးမြှင့်သည်။

 

mdn

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်ပြန်/ဆက်

 

mdn