ထားဝယ်  ၂၇   ဧပြီ 

 

တနင်္သာရီတိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  အစည်းအဝေး ခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြစ်သော စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ်ခြင်းနှင့် ကျန်းမာရေး ညွှန်ကြားချက်မျာအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ သက်ဆိုင်ရာကျန်းမာရေး ဌာနများမှ စစ်ဆေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တာဝန်အရ ခရီးသွားလာနေသော ဝန်ထမ်းများကို မည်ကဲ့သို့ Quarantine ထားရှိမည်နှင့် Quarantine ထားရှိမည်ဆိုပါက လုပ်ငန်းတာဝန်များ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် ဆွေးနွေးပေးစေလိုကြောင်း၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟို ကော်မတီ မှ Community Based Facility Quarantine နေရာများ ကြိုတင်ဆောင်ရွက်ထားရှိရေး ညွှန်ကြားထားပါကြောင်းနှင့် ၎င်းနေရာများအား စံသတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနက ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ Community Based Facility Quarantine ဆောင်ရွက်နေသော စာသင်ကျောင်းများတွင် သန့်စင်ခန်းများ လုံလောက်စွာထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက စေတနာ့ဝန်ထမ်း တင်ပြရန်ကိစ္စနှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်း များ၏ အရေအတွက်ကို ကျား၊ မ ခွဲခြားပြီး အချိန်မီပြုစု တင်ပြနိုင်ရေးအတွက် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ 

 

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက တနင်္သာရီ တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ တနင်္သာရီတိုင်း ဒေသကြီးအဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


                                
(တိုင်းဒေသကြီးပြန်/ဆက်)