မြိတ် ၄ မတ်


တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ရှိသော ဆလုံတိုင်းရင်းသားလူမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ခန့်မှ ယခုအချိန်အထိ တဖြည်းဖြည်းနည်းပါးလာနေပြီ ဖြစ်ကြောင်း ဆလုံအရေး လှုပ်ရှားနေသူများထံမှ သိရသည်။


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်အတွင်း လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်ခန့် ၁၉၇၆ ခုနှစ်သန်းခေါင် စာရင်းများအရ ဆလုံလူမျိုးလူဦးရေ ၆၀၀၀ ကျော်ခန့် ရှိကြောင်း မှတ်တမ်းများအရသိရပြီး ယခုအချိန်တွင် ဆလုံလူမျိုးဦးရေ ၁၇၀၀ ကျော်ခန့်သာ ကျန်ရှိတော့ ကြောင်း သိရသည်။


တိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်နှင့်ကော့သောင်း ခရိုင်တို့တွင် ဆလုံလူမျိုးများ နေထိုင်သည့်ကျွန်း ၁၀ ကျွန်းရှိပြီး ဆလုံလူဦးရေ ၁၇၀၀ ကျော်တို့သည့် ယင်းကျွန်းများတွင် နေထိုင်ကြသည်။ ဆလုံလူမျိုးများနေထိုင်သည့် ကျွန်း ၁၀ ကျွန်းအနက် ဘုတ်ပြင်းမြို့နယ်ရှိ အလယ်မန်ရွာ၊ ဇာဒက်ကြီးကျွန်းပေါ်ရှိ တလောရွာ၊ ကော့သောင်း မြို့နယ်ရှိမကြုံကလက်နှင့် ကျွန်းစုမြို့နယ်ရှိ ခုံပုလဲအော် စသည့် ကျေးရွာများတွင်သာ ကျန်းမာရေးဝန်ထမ်းနှင့် ဆေးခန်းတစ်ခုတည်းသာရှိပြီး ကျန်သည့်ကျွန်းများတွင် ကျန်းမာရေးဆေးခန်းနှင့် သားဖွားဆရာမများမရှိကြောင်း သိရသည်။


ဆလုံလူမျိုးများနေထိုင်သည့် ကျွန်းများတွင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးပေးခန်း မရှိဘဲ တခြားတစ်နေရာသို့ သွားရောက်ကုသရသဖြင့် အချိန်များစွာပေးနေရသည့်အပြင် လမ်းခရီးခက်ခဲခြင်း၊ ရေလမ်း ခရီးခက်ခဲကြမ်းတမ်းခြင်းတို့ကြောင့် မသေသင့်ဘဲ သေနေရသည်ဟု ဆလုံလူမျိုးအရေး လှုပ်ရှားနေသူများက ပြောသည်။


ဆလုံလူမျိုးအများစုတို့ လက်ရှိအလုပ်အကိုင်အဖြစ် ကျောက်တုံးကျောက်ခဲများကြားမှ ပငိုများသောက်ပြီး ရောင်းချကြသည်။ ထို့အပြင် ကင်းမွန်များခြင်း၊ ငါးထိုးခြင်း၊ ငါးလိပ်ကျောက်ထိုးခြင်း စသည့်လုပ်ငန်းများမှာ ၎င်းတို့၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။


ယခုအခါ ဆလုံလူမျိုးများ လုပ်ကိုင်စားသောက်နေသည့် ကျွန်းအချို့ကို လုပ်ငန်းရှင်အချို့နှင့် ကုမ္ပဏီအချို့ ဝင်ရောက်လာပြီးနောက်ပိုင်းမှာ ဆလုံလူမျိုးများ၏ လက်ရှိစားဝတ်နေရေး အခက်အခဲပြဿနာများ ကြုံနေရသည်။


လက်ရှိဆလုံလူမျိုးများ အချို့သည်လည်း ထိုင်းနိုင်ငံဘက်၌ရှိသည် ကျွန်းနှစ်ကျွန်းတွင် သွားရောက် ပြီး နေထိုင်ကြကြောင်း ထိုင်းနိုင်ငံ၌ သွားရောက်နေထိုင်သည့် ဆလုံလူမျိုးရေးလူဦးရေမှာ ရာဂဏန်းခန့်ရှိနေ ကြောင်း သိရသည်။ 


ဆလုံလူမျိုးများ နေထိုင်သည့်ကျွန်း ၁၀ ကျွန်းမှာ ဒုံပုလဲအော်၊ ဒုံညောင်မှိုင်း၊ ညောင်ဝိ၊ မကြုံကလက်၊ လန်းပိ၊ ဇာဒတ်ကြီး၊ ဂျလန်း၊ လင်းလွန်းကျွန်း(ဆလုံအမည် ပရောဝါး)၊ ကံမော်ကြီးနှင့် လငန်း စသည့်ကျွန်းများတွင် အများဆုံးနေထိုင်၍ ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင် စားသောက်ကြကြောင်း သိရသည်။


လက်ရှိဆလုံလူမျိုးများ၏ လူငယ်များကြားထဲတွင် မူးယစ်ဆေးဝါးပြဿနာ ဝင်ရောက်လာပြီး လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ခန့်ကလည်း ဆလုံလူမျိုးများကို ဒေသခံစီးပွားရေးသမားများက ဘိန်းဖြူ၊ ဘိန်းမည်း စတင်သယ်ဆောင်၍ ရေထွက်ပစ္စည်း လဲလှယ်မှုရှိခဲ့သလို ယခုအချိန်တွင်လည်း ဆလုံလူမျိုးအကြား မူးယစ်ဆေးဝါး တဖြည်းဖြည်း ဝင်ရောက်လာနေကြောင်း သိရသည်။


၎င်းတို့ရွာများမှာလည်း ဆေးကုသရန် ဆေးခန်းမရှိ၊ သားဖွားဆရာမ မရှိသည့်အတွက် ကလေးမီးဖွားမှု၊ ( အရေးပေါ်တစ်စုံတစ်ခုဖြစ်သည့်အခါ မြိတ်ခရိုင် ဆေးရုံကြီးကို သွားရောက်ဆေးကုသရန်အတွက် အနည်းဆုံး လငန်းကျွန်းဘက်ခြမ်းမှ မြိတ်ကိုရောက်ရန် ၁၃ နာရီခန့် ရေလမ်းခရီးကြမ်းကို ဖြတ်သန်းသွားလာရသည့် အတွက်ကြောင့် လမ်းတွင် သေဆုံးမှုများလည်း ကြုံတွေ့နေရကြောင်း သိရသည်။


မြင့်ဦး(မြိတ်)