မြိတ် ဇွန် ၁

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဈေးကွက်ဝင်အမယ်သီးနှံတစ်မျိုးဖြစ်သည့် ကော်ဖီသီးနှံပင်များကို ယခု၂၀၂၅ -၂ဝ၂၆ ခုနှစ်တွင် ဧကပေါင်း ၁၀၀၀ တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီး၏ ရေ၊ မြေ၊ ရာသီဥတုအရ နှစ်ရှည် သီးနှံပင်ဖြစ်သော ရော်ဘာ၊ ဆီအုန်း၊ ကိုကိုး စသည့် သီးနှံပင် များအပြင် မြေနိမ့်ကော်ဖီဖြစ်ထွန်း စိုက်ပျိုးနိုင်သည့် ဒေသဖြစ်သည့် အတွက် တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် ကော်ဖီကို တိုးချဲ့ စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ယခင် ၂၀၂၄ - ၂၀၂၅ ခုနှစ် တွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း၌ ကော်ဖီစိုက်ဧက ၁၈၇၄ ဧကကို တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး ယနေ့အထိစုစုပေါင်းကော်ဖီစိုက် ဧကပေါင်း ၃၀၂၂ ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။

 

ကျွန်တော်တို့ တနင်္သာရီ တိုင်းဒေသကြီးမှာ ယခင်နှစ်က ကော်ဖီစိုက်ဧက ၁၈၇၄ ဧကကို တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယနေ့ အထိ ကော်ဖီစိုက်ဧကစုစုပေါင်း ၃၀၂၂ ဧကကို စိုက်ပျိုးပြီးဖြစ်ပါ တယ်။ မြိတ်အတွင်းမှာတော့ ၂၀၂၄ - ၂၀၂၅ ခုနှစ်က ကော်ဖီစိုက် ဧက ၉၄၀ ကို တိုးချဲ့စိုက်ပျိုးနိုင် ခဲ့တဲ့အတွက် မြိတ်ခရိုင်မှာ ယနေ့ အထိ ကော်ဖီစိုက်ဧက စုစုပေါင်း ဧက ၁၂၀၀ စိုက်ပျိုးပြီးဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ယခု နှစ် ၂၀၂၅ - ၂၀၂၆ ခုနှစ်မှာ ကော်ဖီစိုက်ဧက ၁၀၀၀ တိုးချဲ့ စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက် ပါတယ်။ မြိတ်ခရိုင်မှာ ဧက ၅၀၀ တိုးချဲ့ စိုက်ပျိုးသွားမှာဖြစ်ပြီး ကော်ဖီပျိုးပင် ၁၇၀၀၀၀ ကို ပျိုးထောင်ထားပြီး ဖြစ်ပါတယ် ဟု တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ ယခု ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌ ကော်ဖီစိုက်ဧက ၁၀၀၀ ကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ရှိသည့်အပြင် မြိတ်ခရိုင်အတွင်း ၌လည်း ဧက ၅၀၀ တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ပြီး ကော်ဖီပျိုးပင် ပေါင်း ၁၇၀၀၀၀ ကို ပျိုးထောင် ထားရှိပြီးဖြစ်ကြောင်း သိရသည်။ ကော်ဖီ တိုးချဲ့စိုက်ပျိုးမည့် ဒေသခံတောင်သူ (ခြံရှင်) များကိုလည်း ဌာနမှ ပျိုးထောင်ထား သည့် ကော်ဖီပျိုးပင်များကိုလည်း အခမဲ့ ထောက်ပံ့ပေးသည့်အပြင် တောင်သူများအနေဖြင့် မိမိတို့ စိုက်ခင်းများ၌ ကြုံတွေ့နေသည့် စိုက်ပျိုး နည်းစနစ်ပိုင်းဆိုင်ရာ အခက်အခဲများ၊ မြေဆီလွှာ ပြဿနာများ၊ မျိုးကောင်းမျိုးသန့် ရရှိရေးကိစ္စရပ်များ၊ ရောဂါပိုးမွှား ကာကွယ် နှိမ်နင်းမှုဆိုင်ရာ နည်းပညာနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ရုံးများသို့ အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

 

ကော်ဖီပင်များကို မိုးဦး ကာလဖြစ်တဲ့ဇွန်လမှာ စတင် စိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီး ၄ - ၅ နှစ်သား အရွယ်မှာစတင် အသီးသီးပါတယ်။ ကော်ဖီသီးများ ကိုဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေ မှာအသီးခူး ရပါတယ်။ ပြည်တွင်း ကထွက်ရှိလာတဲ့ ကော်ဖီများကို ပြည်ပတင်ပို့တာ ရှိပါတယ် ဟု တနင်္သာရီ တိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ဆက်လက်ပြောကြားခဲ့သည်။

 

ထို့အပြင် နှစ်ရှည်သီးနှံပင် များဖြစ်သည့် ရော်ဘာပင်နှင့် ကွမ်းသီးပင်များကြား၌ ကြားသီးနှံ အဖြစ် ကော်ဖီပင်များကို တိုးချဲ့ စိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ် အသုံးချမှု တိုးတက်လာစေရန်၊ တောင်သူများ၏ ဝင်ငွေတိုးပွား၍ လူနေမှုဘဝ မြင့်မားလာစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိစေရန်နှင့် မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက် သို့ ထိုးဖောက်နိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် ဒေသခံတောင်သူ များအား နည်းပညာပေးခြင်း၊ ပျိုးပင်များအား အခမဲ့ပေးအပ် စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

နိုင်ငံခြားဈေးကွက်ဝင် သီးနှံ တစ်မျိုးဖြစ်သည့် ကော်ဖီပင်များ ကို တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်ခရိုင်တွင် တနင်္သာရီ မြို့နယ်၊ မောတောင်မြို့နှင့် ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် များတွင် ကော်ဖီပျိုးပင်များကို ဧကရာချီ၍ စိုက်ပျိုးထားကြောင်း သိရသည်။

မြင့်ဦး(မြိတ်)