ထားဝယ် မတ် ၁၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းလုံခြုံစွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း တက္ကသိုလ် ဝင်စာမေးပွဲကို လာမည့် မတ် ၁၇ ရက်မှ ၂၂ ရက် အထိ ကျင်းပမည်ဖြစ်ပြီး စာစစ်ဌာန ၁၆ ခုတွင် စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး၊ စာစစ် ဌာနသို့ အချိန်မီရောက်ရှိရေး၊ လမ်းခရီးအခက်အခဲများ၊ ကျန်းမာရေးအခြေအနေများကြောင့် အခက်အခဲများရှိပါက ဆက်စပ်ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်က တိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၁၆ ခုရှိပြီး ဖြေဆိုသူဦးရေ ၄၇၅၇ ဦးရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်း ပူးပေါင်းအဖွဲ့များဖြင့် လုံခြုံရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးက တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းစဉ်အား ရှင်းလင်းဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)