မြိတ် စက်တင်ဘာ ၁၁

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းကုမ္ပဏီပေါင်း ၃၉ ခုဖြင့် ဆီအုန်းစိုက်ဧကပေါင်း ၃၉၅၇၂၁ ဧက စိုက်ပျိုးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုး အောင်မြင်နိုင်သည့် ရေ၊ မြေ၊ ရာသီဥတု အခြေအနေအရ ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများက ဆီအုန်းစိုက်ပျိုးမှုအတွက် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီးတွင် လွန်ခဲ့သည့် နှစ်(၃၀)ကျော်ခန့်မှ ဆီအုန်းစိုက်ပျိုးမှုစတင်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီးတစ်ခုလုံး၌ ဆီအုန်းစိုက်ဧက (၄)သိန်းနီးပါးခန့် စိုက်ပျိုးထားကြောင်း သိရသည်။

 

“၂၀၂၃-၂၀၂၄ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ကောက်ယူထားသည့် စာရင်းများအရဆိုရင် တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင် စတဲ့ခရိုင် (၄)ခုမှာ ဆီအုန်းစိုက်ဧကပေါင်း ၃၉၅၇၂၁ ဧက ရှိပါတယ်။ ဆီသီးခိုင်ခူးနိုင်တဲ့ဧက ၁၈၃၃၂၁ ဧကရှိတယ်။ တစ်ဧကအထွက်နှုန်းကတော့ ၂ ဒသမ ၇၄ တန် ထွက်ရှိပါတယ်။ စုစုပေါင်း ဆီသီးခိုင်ထွက်ရှိမှုကတော့ ၅၀၂၈၂၅ တန် ထွက်ရှိပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီပေါင်း ၃၉ ခုနှင့် ပုဂ္ဂလိကခြံရှင် ၄၀ နီးပါးခန့်ရှိပြီး ထွက်ရှိလာသည့် ဆီသီးခိုင်အများစုကို ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဆီကြမ်းစက်များသို့ သွားရောက်ရောင်းချရသဖြင့် အလေအလွင့်များနှင့် ကုန်ကျမှုစရိတ်စက များပြားကြောင်းနှင့် ယခုလက်ရှိတွင် ဆီသီးခိုင်စျေးနှုန်းမှာ တစ်တန်လျှင် ငွေကျပ် ၃၃၀၀၀၀ ခန့် ပေါက်စျေးရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ခြံက ထွက်ရှိတဲ့ ဆီသီးခိုင်တွေကို တောင်ဒဂုံစက်ရုံမှာ သွားရောက်ရောင်းချနေရတယ်။ ဆီအုန်းစိုက်ပျိုးမှုက ယခုလက်ရှိမှာ တွက်ခြေကိုက်သော်လည်း ထွက်ရှိလာတဲ့ ဆီသီးခိုင်တွေ သွားရောက်ရောင်းချရတာ ဝေးတော့ စရိတ်တွေကုန်ကျမှုနဲ့ အလေအလွင့်တွေ ရှိပါတယ်။ မြိတ်ခရိုင်အတွင်းမှာသာ ဆီကြမ်းနဲ့ ဆီချောစက်ရုံတွေသာ ရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ခြံရှင်တွေအတွက် ပိုပြီးအဆင်ပြေလာနိုင်သလို စိုက်ပျိုးသူတွေအနေနဲ့ ဆီသီးခိုင်အထွက်ကောင်းဖို့ ကြိုးစားဆောင်ရွက်လာမယ်။ အလေအလွင့်မရှိ စက်ရုံများကို အချိန်တိုအတွင်း ပို့ဆောင်နိုင်ရင် စရိတ်စက သက်သာလာပြီး ဝင်ငွေများလည်း တိုးပွားလာနိုင်ပါတယ်” ဟု မြိတ်မြို့နယ်အတွင်း ဆီအုန်းစိုက်ပျိုးလုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

 

ဒေသခံတောင်သူများနှင့် ကုမ္ပဏီများမှ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်ပါက ဆီအုန်းစတင်စိုက်ပျိုးသည့် အချိန်ကနေ (၅)နှစ်လောက် ကြာလာသည့်အခါတွင် စီးပွားဖြစ် ဆွတ်ခူးနိုင်မှာဖြစ်ပြီး နောက်ထပ် (၃)နှစ်လောက် ကာလအကြာတွင် အရင်းကြေကာလတစ်ခုကို ရောက်ရှိလာသည့်အပြင် နောက်ထပ်နှစ်ပေါင်း (၂၀)ကျော်ကြာသည့်အထိ ဆီသီးခိုင်များ ထုတ်လုပ်နိုင်မည်ဖြစ်၍ ဝင်ငွေများလည်း ပိုမိုရရှိသွားမည့်လုပ်ငန်းတစ်ခု၊ စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ဆီကြမ်းစက်ရုံများ တည်ရှိမှုမှာ ထားဝယ်ခရိုင်တွင် (၁)ခု၊ မြိတ်ခရိုင်တွင် (၁)ခု၊ ဘုတ်ပြင်းခရိုင်တွင် (၂)ခုနှင့် ကော့သောင်းခရိုင်တွင် (၂)ခု စုစုပေါင်း ဆီကြမ်းစက်ရုံ (၆)ခုရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြန်မာ့နိုင်ငံတွင် ဆီအုန်းစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှုတွင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်းသာရှိသောကြောင့် မြိတ်ခရိုင်၌ ဆီကြမ်းစက်ရုံနှင့် ဆီချောစက်ရုံ၊ ကော့သောင်းခရိုင်၌ ဆီချောစက်ရုံများ ဖြစ်ပေါ်လာရန် ကုမ္ပဏီများနှင့် ဒေသခံဆီအုန်းစိုက်ပျိုးသူ ခြံရှင်များက မျှော်လင့်နေကြကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)