နေပြည်တော် အောက်တိုဘာ ၂၅
သုတေသနရလဒ်ကောင်းတစ်ခုသည် သက်ဆိုင်ရာကဏ္ဍ၏ အောင်မြင်ဖွံ့ဖြိုးမှုနှင့် ပြောင်းလဲတိုးတက်မှုကို တိုက်ရိုက်အကျိုးပြုနိုင်ကြောင်း၊ ယခုအခါ ရေလုပ်ငန်းဆိုင်ရာ သဘာဝသယံဇာတနှင့် မျိုးစိတ်များစွာ ကြွယ်ဝသည့် တနင်္သာရီတိုင်းဒေသကြီး၌ ငါးသုတေ သနလုပ်ငန်းကို ဌာနနှင့် ပုဂ္ဂလိက၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်နိုင်ကြပြီဖြစ်၍ ငါးလုပ်ငန်း ကဏ္ဍ အတွက်သာမက ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံ၏ အသားတင်ထုတ်လုပ်မှု တန်ဖိုး တိုးတက် ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
ဒုတိယဝန်ကြီး က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ငါးလုပ်ငန်း ဦးစီးဌာန ပြင်ထပ်အော် ရေငန်ငါးသုတေသနစခန်းသို့ ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးတို့ ပြင်ထပ်အော် ရေငံငါးသုတေသနစခန်း ပုစွန်သားဖောက်ကန်များ တည် ဆောက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာတွင် မွေးမြူရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းနိုင်ထွန်းနှင့် တာဝန်ရှိသူများက သုတေသန ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ငါးလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသရင်းငါးမျိုးစိတ်များ သားဖောက် အသားတိုးမွေးမြူရန် အလားအလာ ရှိသည့် ရေချို ရေငန် ငါး ပုစွန် မျိုးစိတ်များအား စူးစမ်းလေ့လာရေးနှင့် အသုံးခ သုတေသန ရလဒ်များ ဖြန့်ဝေရေးလိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ကျောက်ငါး၊ ငါးပါးနီနှင့် ကကတစ်ငါးများ ရေပေါ်လှောင်အိမ်ဖြင့် မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ်၊ ခိုင်ဇင်ယော်ကုမ္ပဏီ၊ ခေတ်မီရေငံ ပုစွန် မွေးမြူရေးစီမံကိန်းရှိ ပုစွန် မွေးကန်များကိုလည်းကောင်း၊ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်(ကတ္တလူ) ခေတ်မီရေငံ ပုစွန် မွေးမြူရေးစီမံကိန်းတွင် ပုစွန် ကုန်ချော ထုတ်လုပ်နေမှုလုပ်ငန်း အဆင့်ဆင့်ကိုလည်းကောင်း၊ ခေတ်မီ ပုစွန် မွေးမြူရေး ကန်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မြိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်း အဝေးခန်း၌ တနင်္သာရီတိုင်းဒေသကြီးရှိ လယ်ယာကဏ္ဍဆိုင်ရာ တိုင်းအဆင့်နှင့် ခရိုင် အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဌာနနှင့် ပုဂ္ဂလိက များအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ တနင်္သာရီတိုင်း ဒေသကြီး ၏ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းများ ကာလတို အတွင်း သိသာစွာ ပြောင်းလဲ တိုးတက် ရေးအတွက် ဒေသအလိုက် သီးနှံအလိုက် လုပ်ငန်းကဏ္ဍအလိုက် အစီအမံများ စနစ်တကျ ရေးဆွဲ ချမှတ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)