မြိတ် ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၌ ယခုနှစ် မိုးစပါးစိုက်ရာသီက စိုက်ပျိုးခဲ့သည့် စပါး ၂၁၇၉၄၂ ဧကအထိ ရိတ်သိမ်းပြီးစီးကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီက စပါး ၂၂၂၃၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထားသည့် စပါးခင်းများကို ယခုနှစ် အောက်တိုဘာလဆန်းမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့အထိ စပါးခင်း ၂၁၇၉၄၂ ဧကအတွက် တစ်ဧက စပါးအထွက်နှုန်းမှာ ၇၃ ဒသမ ၃၅ တင်း ထွက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသော စပါးခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် စပါးမျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ တမန်းနှိုးပေါင်း ထိုးရေး၊ မျိုးကွဲနုတ်ပယ်ရေး၊ ဓာတ်မြေဩဇာများ စနစ်တကျ သုံးစွဲနိုင်ရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် မိုးစပါးစိုက်ပျိုးရာသီက စပါးစိုက်ပျိုးနိုင်မှုမှာ ထားဝယ်ခရိုင်တွင် ၁၀၀၅၂၈ ဧက၊ မြိတ်ခရိုင်တွင် ၁၁၇၀၆၄ ဧက၊ ဘုတ်ပြင်းခရိုင်တွင် ၃၅၇၁ ဧကနှင့် ကော့သောင်းခရိုင်တွင် ၁၂၃၃ ဧက စိုက်ပျိုးနိုင်ခဲ့သည်။
ယခုလက်ရှိတွင် ခရိုင်အလိုက် စပါးရိတ်သိမ်းပြီးစီးမှုမှာ ထားဝယ်ခရိုင်တွင် ၁၀၀၁၅၈ ဧက၊ မြိတ်ခရိုင်တွင် ၁၁၄၅၆၄ ဧက၊ ဘုတ်ပြင်းခရိုင်တွင် ၃၅၆၄ ဧကနှင့် ကော့သောင်းခရိုင်တွင် ၅၈၆ ဧက ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ဆန်စပါးဖူလုံမှုမရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဆန်ဖူလုံမှု ၇၃ ရာခိုင်နှုန်းကျော်သာရှိပြီး လိုအပ်သည့်ဆန်ကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတို့မှ ဝယ်ယူနေရပြီး ယခင်နှစ်က တိုင်းဒေသကြီးတွင် မိုးစပါး ၂၂၂၇၁၇ ဧကစိုက်ပျိုးခဲ့ရာ စပါးစိုက်ခင်းများတွင် စပါးအထွက်နှုန်းမှာ တစ်ဧကပျမ်းမျှ ၇၂ ဒသမ ၄၂ တင်းနှင့် စုစုပေါင်း ၁၆၁၂၉၄ဝ၉ တင်း ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်ဦး(မြိတ်)