မြိတ် ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ယခုနှစ် ရော်ဘာခြစ်ရာသီတွင် ရော်ဘာစျေးကောင်းရရှိ၍ ရော်ဘာစိုက်တောင်သူများ အကျိုးအမြတ် ပိုမိုရရှိနေကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ စက်မှုသီးနှံတစ်မျိုးဖြစ်သည့် ရော်ဘာကို အဓိက စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူများပြားပြီး ယခင်နှစ်က စျေးနှုန်းများတည်ငြိမ်မှုမရှိသော်လည်း ယခုနှစ်တွင် ပြည်ပမှ ဝယ်ယူလာသည့်အတွက် ပြည်တွင်းရော်ဘာဈေးကွက်အတွင်း၌ စျေးအတက်ဘက်ကို ဦးတည်နေကြောင်း တုံးဗျောကျေးရွာမှ ရော်ဘာစိုက်ခြံရှင်တစ်ဦးက ပြောကြားသည်။
ယခုနှစ်တွင် ရော်ဘာစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိနေသော်လည်း ရော်ဘာခြစ်လုပ်သား ငှားရမ်းမှုတွင် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ ရော်ဘာနှစ်စဉ်ထွက်ရှိသည့် အချိန်မှာ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ရော်ဘာစိုက်ခြံရှင်များအနေဖြင့် ရော်ဘာပင် (၇)နှစ်ကျော်ခန့်တွင် စတင်ရော်ဘာစေးခြစ်ယူရကြောင်း ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
“အရင်နှစ်ကထက် ဒီနှစ်ကတော့ ရော်ဘာစျေးပိုကောင်းလာပါတယ်။ ယခုလက်ရှိမှာတော့ ရော်ဘာစျေးအပြား တစ်ပိဿာ ငွေကျပ် (၁၁၀၀၀)၊ ခွက်ခဲ၊ ခွက်ကပ်၊ ဂေါ်လီတစ်ပိဿာ ငွေကျပ် (၅၃၀၀)ရှိပါတယ်။ ယခင်နှစ်က ရော်ဘာအပြား တစ်ပိဿာကို ငွေကျပ် (၅၅၀၀)၊ ခွက်ကပ်၊ ခွက်ခဲ၊ ဂေါ်လီတစ်ပိဿာကို ငွေကျပ် (၂၄၀၀/၂၅၀၀)ဝန်းကျင်ခန့် ရရှိပါတယ်။ အခုနှစ်ကတော့ ရော်ဘာစျေးကောင်းတယ်လို့ ဆိုရပါမယ်။ ပြည်ပကလည်း ဝယ်ယူမှုရှိလာတော့ ရော်ဘာကစျေး အတက်ရှိလာတာပေါ့” ဟု တုံးဗျောကျေးရွာမှ ရော်ဘာစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ရော်ဘာစိုက်တောင်သူများ စိုက်ပျိုးကုန်ကျမှုစရိတ်အနေဖြင့် စတင်စိုက်ပျိုးသည့်နှစ်တွင် တစ်ပင်ကို ငွေကျပ်(၄၀၀၀)နီးပါးခန့် ကုန်ကျမှုရှိပြီး နောက်နှစ်များတွင် မြေအောင်းပိုးသတ်ဆေး၊ လုပ်သားခအပါအဝင် ကုန်ကျစရိတ်မှာ ရော်ဘာပင်တစ်ပင်ကို ငွေကျပ် (၁၀၀၀)နီးပါးခန့် ကုန်ကျမှုရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်ထွက်ရှိမှုနှင့် ပြည်ပသို့တင်ပို့မှု အများဆုံးမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ထွက်ရှိသည့် ရော်ဘာများက အကောင်းဆုံးဖြစ်ကြောင်းရော်ဘာစျေးကွက်အတွင်းမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရော်ဘာစိုက်ဧကပေါင်း (၃၅၁၈၈၃)ဧကရှိပြီး၊ ထားဝယ်ခရိုင်တွင် (၁၃၉၁၂၃)ဧက၊ မြိတ်ခရိုင်တွင် (၁၄၉၅၁၀)ဧက၊ ဘုတ်ပြင်းခရိုင်တွင် (၂၃၇၉၀)ဧကရှိပြီး ကော့သောင်းခရိုင်တွင် (၃၉၄၆၀)ဧကရှိကြောင်းနှင့် နှစ်စဉ် ရော်ဘာခြစ်ရာသီရောက်တိုင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း သိရသည်။
ယခုအခါ တစ်နိုင်ငံလုံးတွင် အများအပြား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ကမ္ဘာစက်မှုဖွံ့ဖြိုးတိုးတက်မှု၏ အဓိကလိုအပ်နေသော စက်မှုကုန်ကြမ်းသီးနှံဖြစ်သဖြင့် စီးပွားရေးတွင် စျေးကွက်ခိုင်မာမှုရှိသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြင့်ဦး(မြိတ်)