နေပြည်တော် ဒီဇင်ဘာ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ တိုင်းဒေသကြီးရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော လမ်း၊ တံတားလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများ ယခင်နှင့်မတူဘဲ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရပါကြောင်း၊ လမ်း၊ တံတားများ တိုးတက်ကောင်းမွန်အောင် လုပ်ငန်းများ ရပ်တန့်မနေဘဲ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနေထိုင်ရမည် ဖြစ်ပါကြောင်းနှင့် ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရေး တိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများ တိုးတက်ကောင်းမွန်အောင် အလေးထား ဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။
ထို့နောက် လမ်းဦးစီးဌာန၊ အဆောက်အဦဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မော်လမြိုင် - သံဖြူဇရပ် - ရေး - ထားဝယ် လမ်းအပိုင်း မိုင်တိုင်အမှတ် (၇၆/၃) နှင့် (၇၆/၄) ကြားတွင် (၂၄)ပေအကျယ် ကတ္တရာကွန်ကရစ် (AC)ခင်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ဆက်သွယ်ရွာဟောင်းအဝင်လမ်း ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းခွင်အတွင်း စက်ယန္တရားများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်၊ တရားလွှတ်တော်ချုပ်ရုံး၊ တည်ဆောက်ရေး လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်သူက ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်က ဖြည့်စွက်တင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်မီ ပြီးစီးရေး၊ လက်ရာသေသပ် ကောင်းမွန်ရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်


