နေပြည်တော် ၂ ဒီဇင်ဘာ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ နံနက် ၇ နာရီထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဘူရီဗီ” (Burevi)သည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ (Trinco- malee) မြို့၏ အရှေ့ဘက်ရေမိုင် (၁၃၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပမ်ဘန် (Pamban) မြို့၏ အရှေ့ - အရှေ့တောင်ဘက် ရေမိုင် (၂၅၅) မိုင်ခန့်နှင့် ကန်ညာကူမာရီ (Kanyakumari) မြို့၏ အရှေ့ - အရှေ့တောင်ဘက် ရေမိုင် (၃၅၀) ခန့် အကွာပင်လယ်ပြင် ကို ဗဟိုပြုနေသည်။ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

 

mdn

 

ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

 

မြန်မာ့ပင်လယ်ပြင်တွင် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်စဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၃၀  မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ  ကိုးပေခန့် နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် သုံးပေမှ ငါးပေခန့် ရှိနိုင်သည်။

 

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။

 

နေပြည်တော်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

MDN