ကျွန်းစု ဇူလိုင် ၂၆

 

အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျွန်းစုမြို့ အမှတ်(၄)ရပ်ကွက်၌ ကျင်းပသည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ပြည်ဖြိုးထွန်း ကုမ္ပဏီဝန်ထမ်းများက ဗြူးအုပ်ဆောင်း၊ ဗြူးခြေထောက်၊ လမု၊ ကနစို၊ ကျန၊ ပင်လယ်အုန်း စသည့် အပင်ပေါင်း ၁၂၂၁ ပင်ကို စုပေါင်းစိုက်ပျိုးပေးသည်။

 

ယမန်နေ့ကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် Royal Myeik Hotel ၌ ကျင်းပသည့် မြိတ်မြို့ ဒေသဆိုင်ရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက မြိတ်မြို့ ခရီးစဉ်ဒေသတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်နေမှု၊ လုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်ချက်များနှင့် အခက်အခဲများကို အကြံပြု ဆွေးနွေးတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

 

ယင်းနောက် ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက တနင်္သာရီတိုင်းဒေသကြီး  ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း ၂၀၀ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)