ထားဝယ် ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ကြီးဘိုးဘွားများနေထိုင်သည့် အဆောက်အအုံအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရိပ်သာဝင်းအတွင်း နေထိုင်သည့် သက်ကြီးဘိုးဘွားများအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးပြီး တာဝန်ရှိသူများက ဘိုးဘွားများအား တစ်ဦးချင်း လှူဖွယ် ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ကြီးဘိုးဘွားများအတွက် ကျန်းမာရေးနှင့် ဘက်စုံ အသုံးပြုနိုင်ရန် အလှူငွေကျပ်သိန်း ၁၀၀ အား ပေးအပ်ပြီး အသက် (၉၇) နှစ် အဘွားဒေါ်စန်းရီ၏ ကျန်းမာရေးကို ကြည့်ရှုမေးမြန်းကာ လှူဖွယ်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ကြက်စားပြင်ရပ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးဘေး ဆိပ်ကမ်းသာလမ်းနှင့် ငါးလေလံ ဈေးအကြား မြေသားလမ်း ဖောက်လုပ်ပြီးစီးနေမှုနှင့် ဆိပ်ကမ်းသာ ဘောတံတားအား ကြည့်ရှု စစ်ဆေးပြီး တံတားဘေး မြေနေရာတွင် ခရီးသည်နားနေဆောင် ဆောက်လုပ်နိုင်ရေး ဒီဇိုင်းဆွဲ တင်ပြရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ရွှေဝယ်ကမ်းသာ ရင်ပြင်ရှေ့ ညစျေးခင်းကျင်းရန်အတွက် စျေးဆိုင်ခန်းများ ခင်းကျင်းမည့် ကွန်ကရစ် ပေ (၇၀၀ x ၂၀) ခင်းနေမှုနှင့် မီးတိုင်စိုက်ထူနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


