ထားဝယ် ဧပြီ ၁၇
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး ကျင်းပသည့် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်တွင် အသက်(၉၀)နှင့်အထက် သက်ကြီးဘိုးဘွားပူဇော် ကန်တော့ပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက အဘိုးအဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရား သူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အဘိုးအဘွား ၃၅ ဦးအား ပူဇော်ကန်တော့ကြသည်။
ထို့နောက် အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဝမ်းမြောက်စကားပြောကြားပြီး ဆုတောင်းမေတ္တာပို့သ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက အဘိုးအဘွားများအား အလှူငွေများနှင့် ကန်တော့ပစ္စည်းများပေးအပ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိတ်ဆက် အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် အဘိုးအဘွားများအား ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များအဖွဲ့က ကျန်းမာရေး ဆေးစစ်ကုသပေးသည်။
လှူဒါန်းမှုအနေဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်မိသားစုများက ကန်တော့ပစ္စည်းများနှင့် ဆေးဝါးများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထားဝယ်မြို့နယ်အတွင်းရှိ အသက် (၉၀)နှင့်အထက် အဘိုးအဘွား ၂၈၂ ဦးအား တစ်ဦးလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၄၁ သိန်းကိုလည်းကောင်း၊ ကန်တော့ခံအဘိုးအဘွား ၃၅ ဦးအတွက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက လှူဒါန်းငွေကျပ် ၅၂၀၀၀၀ ကိုလည်းကောင်း လှူဒါန်းကြပြီး ပူဇော်ပွဲအခမ်းအနားသို့ မတက်ရောက်နိုင်သောအဘိုးအဘွားများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် အလှူငွေများနှင့် ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်မည်ဖြစ်သည်။
ဆက်လက်၍ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ထားဝယ်မြို့ တလိုင်းမရပ် ကမ်းနားလမ်း ထားဝယ်ရိုးရာ သပိတ်မျှောကွင်း ထားဝယ်မြစ်ကမ်း၌ ဆက်လက်ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကကတစ်ငါးနှင့် ဒေသထွက်ငါးများ စုစုပေါင်း အကောင်ရေ ၃၀၀၀ ကို ထားဝယ်မြစ်အတွင်းသို့ ကုသိုလ်ပြု ဇီဝိတဒါနလွှတ်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


