ထားဝယ် ဖေဖော်ဝါရီ ၂၄

 

တနင်္သာရီတိုင်း ဒေသကြီး လူငယ်ရေးရာ ကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီအားကစား သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များက မြန်မာ့သိုင်း၊ ကရာတေးဒို၊ တိုက်ကွမ် ဒို၊ အေရိုးဗစ်အဖွဲ့များ၏ သရုပ် ပြသမှုကို ကြည့်ရှုအားပေးသည်။

 

နွေရာသီ အားကစားသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ကရာတေးဒို၊ ဂျူဒို၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ် ဒို၊ အေရိုးဗစ်၊ ခရစ်ကက်၊ ဂေါက်သီး စသည့် သင်တန်းများကို မတ် ၅ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား ၉၅၀ တက်ရောက် လျက်ရှိကြောင်း သိရသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တတိယအကြိမ်  တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို တက်ရောက်သည်။

 

အစည်းအဝေးတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်ပထမ ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ်က လွှတ်တော်ရုံး အဆောက်အအုံ ပရိဝုဏ်အတွင်း၊ အပြင် သန့်ရှင်းသပ်ရပ် စနစ်တကျ ရှိစေရေး ဆောင်ရွက်ထားရှိမှု၊ လွှတ်တော် ကိုယ်စားလှယ်များ နားနေဆောင်များ၌ အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ လွှတ်တော်ရုံး အစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲ ခန်းမ၊ ဧည့်ခန်းမ၊ နားနေခန်းများ ဆောင်ရွက်ထားရှိမှု၊ ရုံးလုပ်ငန်းများနှင့် ရှေ့ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

 တိုင်းဒေသကြီး(ပြန်/ဆက်)