ထားဝယ် ဖေဖော်ဝါရီ ၂၃

 

သဲဖြူဆရာတော်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ကုသရေး ဦးစီးဌာန၏ စီမံဆောင်ရွက်မှုနှင့် အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ ထားဝယ်ပြည်သူ့​ဆေးရုံကြီး၌ ရန်ကုန်မျက်စိအထူးကု​ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာ လှိုင်းလှိုင်းနှင့်အဖွဲ့၊ ထားဝယ်ပြည်သူ့​ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် မျက်စိအထူးကု ဆေးအဖွဲ့တို့က ထားဝယ်ခရိုင်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူများအား မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးလျက်ရှိသည်။

 

ထိုသို့ ထားဝယ်ခရိုင်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူမျက်စိရောဂါ ဝေဒနာရှင်များအား အမြင်အာရုံ စမ်းသပ်ခြင်း၊ မျက်မှန်ပါဝါတိုင်းခြင်း၊ ရေချိန်တိုင်းခြင်းနှင့် အခြားမျက်စိရောဂါများအား ခေတ်မီစမ်းသပ်စက်များဖြင့် စမ်းသပ်စစ်ဆေးပေးနေမှုကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လာရောက်ပြသသော မျက်စိရောဂါဝေဒနာရှင် ရဟန်းရှင်လူ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ အားပေးစကားပြောကြားပြီး ပါဝါမျက်မှန်များကို တစ်ဦးချင်းတပ်ဆင်ပေးကာ ဆရာဝန်များအား လာရောက်ကုသပေးသည့်အတွက် ပြည်သူများ ကိုယ်စား​ ကျေးဇူးတင်ရှိ​ကြောင်း ​ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူ့​ဆေးရုံကြီး မျက်စိ​ဆောင်ရှိ မျက်စိခွဲစိတ်ခန်း၊ ကုသခန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ အလှူရှင်များက ဆေးလာရောက် ကုသသည့် မျက်စိဝေဒနာရှင်များအား စားသောက်ဖွယ်ရာများ၊ အချိုရည်နှင့် ရေသန့်ဘူးများ လှူဒါန်း ဝေငှပေးပြီး မျက်စိဝေဒနာရှင်များ အဆင်ပြေစွာ ကုသနိုင်ရေးအတွက် လူမှုကူညီရေးအသင်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ရန်ကုန်မြို့မှ မျက်စိအထူးကုဆေးအဖွဲ့နှင့် ထားဝယ်ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများ ပူးပေါင်း၍ ထားဝယ်ခရိုင်အတွင်းရှိ မျက်စိစမ်းသပ် ကုသသူ ၄၉၃ ဦး၊ အတွင်းတိမ်ကုသသူ ၁၅၅ ဦး၊ ခွဲစိတ်ကုသ ၄၁ ဦး၊ အမြင်အာရုံစမ်းသပ်စစ်ဆေးသူ ၁၂၂ ဦး၊ မျက်မှန်တပ်ဆင်သူ ၇၆ ဦးတို့အား ကုသပေး ပြီးဖြစ်ပြီး မျက်စိဝေဒနာရှင်များကို မတ် ၆ ရက်အထိ အခမဲ့စမ်းသပ်ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်၊၊

 

တိုင်းဒေသကြီး(ပြန်/ဆက်)