ထားဝယ် ဖေဖော်ဝါရီ ၂၆

 

တနင်္သာရီတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းရှိသော တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြီးခဲ့သည့်နှစ်ကထက် လမ်း၊ တံတားလုပ်ငန်းစသော အခက်အခဲရှိသောနေရာများတွင် တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိသည့် တည်ဆောက်ရေး လုပ်ငန်းများ ၉၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အထူးသဖြင့် အဆောက်အအုံ ဆောက်လုပ်ထားရှိသည့်လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်ပေးကြရန်လိုအပ်ပြီး တည်ဆောက်ရေး လုပ်ငန်းများအားလုံး မတ်လအတွင်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)