ထားဝယ်  နိုဝင်ဘာ ၂

 

ဂုဏ်ပြုယာဉ်များတွင် ပြသဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာကို ပြသနိုင်ရန် အတွက် ဝိုင်းဝန်းပြီးလုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း၊ ပြခန်းများတွင် တိုင်းအတွင်းထင်ရှားသည့် နေရာများဒေသထွက်ကုန်များစုံလင်အောင် ခင်းကျင်းပြသနိုင်ရန် အတွက်အကြံပြုဆွေးနွေးကြ စေလိုကြောင်း ဌာနဆိုင်ရာများအနေဖြင့် စိန်ရတုပြည်ထောင်စုနေ့အတွက် ဆောင်ရွက်ခဲ့သည့်အတွေ့ အကြုံရှိပြီးဖြစ်သောကြောင့်  အခက်အခဲမရှိ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို  က  ပြောကြားသည်။

 

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများ က ဂုဏ်ပြုယာဉ်များတွင်ပြသ ထားရှိမည့် တိုင်းဒေသကြီး၏ တန်ခိုးကြီးထင်ရှားသော ဘုရားများ၊ ဒေသမှထွက်ရှိသော ရာဘာပင်များနှင့် ပစ္စည်းများ၊ အထင်ကရနေရာများနှင့် ပြခန်းတွင်ပြသရောင်းချမည့် ဒေသထွက်ကုန်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)