ထားဝယ် ဇွန် ၁၇

 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့ ရွှေဝယ်သီရီ အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက တလိုင်းတောင် FC အသင်းနှင့် နန်းတော်ဦး FC အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးသည်။ ဗိုလ်လုပွဲတွင် နှစ်ဖက်အသင်း နှစ်ဂိုး - နှစ်ဂိုးဖြင့် သရေရရှိပြီး ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် တလိုင်းတောင် FC အသင်းက အနိုင်ရရှိသွားသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုက ပွဲစဉ်တစ်လျှောက် အကူအညီပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆု ငွေချီးမြှင့်ပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ရှေ့တန်း အကောင်းဆုံးဆု ရရှိသည့် တနင်္သာရီ အသက်(၁၈) နှစ်အောက် ဘောလုံးအသင်းမှ မောင်ကောင်းထက်စံကို လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောမာတင်လူသာက အလယ်တန်းအကောင်းဆုံးဆုရရှိသည့် Holiday FC အသင်းမှ မောင်ပြည့်စုံဖြိုး ကိုလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က နောက်တန်း အကောင်းဆုံးဆုရရှိသည့် တလိုင်းတောင် FC အသင်းမှ မောင်ကျော်ဇင်လတ်ကို လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဂိုးအကောင်းဆုံးဆု ရရှိသည့်တလိုင်းတောင် FC အသင်း မှ မောင်ရန်ဟုန်စိုး ကိုလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု ရရှိသည့် နန်းတော်ဦး FC အသင်းမှ မောင်ကောင်းနေနိုင်ထက် ကိုလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆု ချီးမြှင့်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဒုတိယဆုရရှိသည့် နန်းတော်ဦး FC အသင်းကို တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က ပထမဆုရရှိသည့် တလိုင်းတောင် FC အသင်းကို တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ပထမဆုရရှိသည့် တလိုင်းတောင် FC အသင်းအား တံခွန် စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)