တနင်္သာရီ ၂၈ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြစ်ကိုဖြတ်၍ လွန်ခဲ့သော ၁၉၉၉ ခုနှစ်၊ ဇွန်လကတည်းက စတင်ဆောက်လုပ်ခဲ့သည့် တစ်လမ်းမောင်း တနင်္သာရီတံတားဟောင်းမှ ဘေလီနှင့် ဆက်စပ်ပစ္စည်းများအား တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူ၍ ဇွန် ၂၈ ရက် နံနက်ပိုင်းမှစတင်ကာ ဖြုတ်သိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့(၄) လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်ထံမှ သိရှိရသည်။

 

အဆိုပါ တနင်္သာရီတံတားဟောင်းသည် လွန်ခဲ့သော ၁၉၉၉ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် စတင်ဆောက်လုပ်ပြီး ၂၀ဝ၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် အရှည် ၁၁၆၀ ပေ၊ ယာဉ်သွား လမ်းအကျယ် ၁၁ ပေ၊ တံတားအောက် ရေလမ်းကင်းလွတ်နယ်မြေ အကျယ် ၇၈ ပေ၊ ရေအမြင့် (အမြင့်ဆုံးရေအမှတ်အထက်-၁၅)ပေရှိ၍ တံတားအမျိုးအစားမှာ အပေါ်ထည်ဘေလီ၊ သံကူကွန်ကရစ်၊ အုတ်မြစ်မှာ သံကူကွန်ကရစ် လွန်တူးပိုင်နှင့် ရေတွင်းခွေဖြစ်ပြီး ယာဉ်တစ်စီးချင်း (၂၄)တန်သာ ဖြတ်သန်းခွင့်ပြုသည့် တစ်လမ်းမောင်းတံတား ဖြစ်သည်။

 

တံတားဟောင်းသည် (၂၁)နှစ်ကြာမြင့်နေပြီဖြစ်ရာ သဘာဝရာသီဥတုဒဏ်များနှင့် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များဒဏ်ကြောင့် ဘီလူးပြင်များမှာလည်း ဟောင်းနွမ်း ဆွေးမြေ့နေပြီဖြစ်သည်။  ၎င်းအပြင် တနင်္သာရီတံတားသစ်ကြီးသည်လည်း ပြီးစီးနေပြီဖြစ်သဖြင့် မော်တော်ယဉ်များအား ဇွန် ၁၃ ရက်ကစ၍ တံတားပေါ်မှ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီဖြစ်ရာ လမ်းပန်းဆက်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများ အဆင်ပြေချောမွေ့နေပြီဖြစ်သောကြောင့် တံတားဟောင်းမှ ဘေလီနှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ဖြုတ်သိမ်းရခြင်းဖြစ်ကြောင်း၊ အနည်းဆုံး (၁၅)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ ၎င်းတံတားဟောင်းမှ ပြန်လည်ရရှိသော ဘေလီနှင့် ဆက်စပ်ပစ္စည်းများအား မြို့နယ်အတွင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်မည့် ပေ ၁၀ဝ နှင့်အောက် ကျေးရွာချင်းဆက်တံတားများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ သိရှိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- နန်းသာရီ၊ ထိန်ဝင်း(ပြန်/ဆက်)