တနင်္သာရီ ၁၀ ဇွန်
မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ် (၄၉/၄)နှင့် (၄၉/၆) အကြားရှိ တနင်္သာရီမြို့အဝင် တနင်္သာရီတံတားသစ်တစ်စင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှစ၍ တာဝန်ယူဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်အထိ တံတားတစ်စင်းလုံး တည်ဆောက်ရေး စီမံကိန်းလုပ်ငန်း၏ (၆၉) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်ကုန်ပိုင်းတွင် တံတားတစ်စင်းလုံး၏(၈၄)ရာနှုန်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားတည်ဆောက်ရေးစီမံကိန်းခန့်မှန်းတန်ဖိုးမှာ (၁၂ ဒသမ ၆)ဘီလီယံကျပ်ဖြစ်ပြီး၊ ယခုနှစ်ဘဏ္ဍာရေးနှစ်အထိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ်(၆ ဒသမ ၇)ဘီလီယံရရှိပြီးဖြစ်၍ ၂ဝ၁၉ -၂ဝ၂ဝဘဏ္ဍာရေးနှစ်တွင် ထပ်မံလိုအပ်ရန်ပုံငွေ (၅ ဒသမ ၉)ဘီလီယံကျပ်အား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လျာထားလျက်ရှိပြီး ၎င်းရန်ပုံငွေရရှိပါက တနင်္သာရီတံတားသစ်အား ၂၀၂၀ ပြည့်နှစ်၊ မေလတွင် တည်ဆောက်ပြီးစီးနိုင်မည်ဖြစ်ကာ ပြည်သူအများ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတံတားသည် (မြန်မာ-ထိုင်း) နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသော အာဆီယံလမ်းမကြီး (AH-112)ပေါ်တွင် တည်ဆောက်ထားသဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ကုန်သွယ်စီးဆင်းမှု လျင်မြန်ချောမွေ့စေခြင်းနှင့် အများပြည်သူများ လွယ်ကူစွာသွားလာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည့် တံတားတစ်စင်းဖြစ်သည်။
သတင်းနှင့်ဓါတ်ပုံ-နန်းသာရီ-ထိန်ဝင်း