စလင်း ၂၅ ဇူလိုင်
အသက်မွေးဝမ်းကျောင်းနှင့် စာနပ်ရိက္ခာဖူလုံမှုရန်ပုံငွေအစီအစဉ်(LIFT)၏ အပူပိုင်းဒေသအရပ်ဖက် အဖွဲ့အစည်းများ အသေးစားထောက်ပံ့မှုရန်ပုံငွေကို Pact Myanmar ၏ ပံ့ပိုးကူညီမှုဖြင့် တညောင် Youth Initiative လူမှုကူညီရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်သော ဝါးထည်ပစ္စည်းမိတ်ဆက်ခြင်းနှင့် ဈေးကွက်ဖော်ဆောင်ခြင်းကို မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တညောင်ကျေးရွာရှင်ပင်လေးမျက်နှာဘုရား ပွဲတော်ဈေးတွင် ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ မိတ်ဆက်ပြသရောင်းချလျှက်ရှိကြောင်း သိရသည်။

တညောင် Youth Initiative အဖွဲ့တာဝန်ခံ ဦးကျော်ဇေယျမှပြောကြားရာတွင် “( LIFTရန်ပုံငွေကို Pact Myanmar ၏ပံ့ပိုးကူညီမှုဖြင့် မိမိအဖွဲ့မှအကောင်အထည်ဖော်ဆောင်ရွက်ပြီး ဝါးမှလူသုံးကုန် ပစ္စည်းများထုတ်လုပ်ခြင်းသင်တန်းပေး၍ ယခုလိုဝါးလက်မှုပစ္စည်းတွေကို ဈေးကွက်မိတ်ဆက်ပြသခြင်း ဖြစ်ကြောင်း၊ ယခင်ကဒေသခံတောင်သူတွေအနေဖြင့် ဝါးမှ နှီး၊ ထရံ၊ ဇလီ၊ သက်ကယ်များသာရက်လုပ်ကြပြီး ယခုလိုအိမ်သုံးဝါးလက်မှုပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ခြင်းဖြင့် ရေရှည်အသက်မွေးမှုကိုဖော်ဆောင်တဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်၍ မိသားစုဝင်ငွေတိုးလာမှာဖြစ်ကြောင်း၊ အဓိကအနေဖြင့် ဒေသတွင်း ဝါးစိုက်ပျိုးသူများပြားလာကာ အကျိုးဆက်အနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြေရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုလိုဝါးလက်မှုပစ္စည်းမိတ်ဆက်ပြသခြင်းကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပုဂံဒေသတွင် ပထမအကြိမ်ပြသခဲ့ပြီး ယခုအခါဒုတိယအကြိမ်မြောက်ပြသခြင်းဖြစ်ကြောင်း” ပြောကြားသည်။

အဆိုပါ ဝါးလက်မှုပစ္စည်းပြပွဲတွင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဝါးကုလားထိုင်၊ စားပွဲ၊ ကုတင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဧည့်ခန်းအလှဆင်ပစ္စည်းများ၊ အိပ်ခန်းအလှဆင်ပစ္စည်းများအပြင် ဝါးမှထုတ်လုပ်သော ဝါးမီးသွေးဆပ်ပြာ၊ ဝါးပေါင်းခံရည်ဆပ်ပြာစသည့် စုစုပေါင်းပစ္စည်း(၃၂)မျိုးအား မိတ်ဆက်ပြသလျက်ရှိကြောင်း သိရသည်။
စိုးမိုးသူ(စလင်း)
