မင်းဘူး ၁၇  ဇန်နဝါရီ 

ဖေဖော်ဝါရီ ၉ရက်နေ့မှစ၍ ရက် ၇၀ ကြာခန့်ကျင်းပမည့် မင်းဘူးခရိုင် မန်းရွှေစက်တော် ဘုရား ပွဲတော်လာ ပြည်သူများအနေဖြင့် လူစည်ကားချိန် ရက်များ၌ တည်းခိုဆောင်နေရာမရခြင်း၊ ဈေးနှုန်း အဆမတန်မြင့်မားနေခြင်းများ ကြုံတွေ့ရပါက ပွဲတော်အနီး ဘုရားရွာရှိ နေအိမ်များ တွင် သဒ္ဓါကြေးပေး၍ တည်းခိုနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

“တည်းခိုဆောင်တွေမှာ အခက်အခဲဖြစ်ရင် သဒ္ဓါကြေးပေးပြီးတည်းခိုလို့ရပါတယ်။ တစ်အိမ်ကို လူ ၁၀ ယောက်ကနေ ၁၅ ယောက်ထိ တည်းခိုနိုင်ပါတယ်။ လာတည်းတဲ့သူတွေကတော့ တစ်ည တည်းရင် ငွေနှစ်သောင်းလောက်ပေးခဲ့ကြပါတယ်။ သတ်မှတ်ပြီးတောင်းတာမရှိပါဘူး၊ ရွာနဲ့ မန်းချောင်းက ပေ၂၀ဝ လောက်ပဲကွာတယ်။ ရွာမှာ လျှပ်စစ်မီးနဲ့ ရေ ပြည့်ပြည့်စုံစုံ ရှိပါတယ် ” ဟု ဘုရားရွာဒေသခံ ကိုကြည်လွင် ကပြောပြသည်။

ရွှေစက်တော်ဂေါပကအနေဖြင့် တည်းခိုခကို ရေစပ်ခန်း သုံးသောင်းကျပ်၊ ကုန်းတွင်းခန်း နှစ်သောင်းကျပ်သာ ကောက်ခံရန် လုပ်ငန်းရှင်များထံ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သော်လည်း လိုက်နာမမှုမရှိသူများ ယမန်နှစ်ကရှိခဲ့ကြောင်း၊ တင်ဒါအောင်သူများက တစ်ဆင့်ပြန်၍ အမြတ်ယူ ရောင်းချခြင်းများရှိခဲ့ခြင်းကြောင့် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများက တွက်ခြေကိုက်ရန် လူစည်ကားချိန်များတွင် ဈေးတင်တောင်းခြင်းများရှိကာ ဘုရားဖူးများ စိတ်အနှောက်အယှက်ဖြစ်ကြရကြောင်း ငဖဲမြို့နယ်၊ ပဒါန်းဒေသခံတစ်ဦးထံမှ သိရသည်။

 

mdn

 

“ဒီနှစ်တည်းကျောင်း တင်ဒါတွေက လျှောက်လွှာတစ်စောင် ၂ သိန်း ပေးဝယ်ရပါတယ်။  ကြမ်းခင်းဈေးတွေက တည်းကျောင်းအလိုက် သိန်း ၄၀၊ သိန်း ၅၀၊ သိန်း ၇၀ ရှိပါတယ်။ အိတ်ပိတ်တင်ဒါပြိုင်ရတာပါ။ ပြိုင်တဲ့အခါမှာလည်း ကြမ်းခင်းဈေးထက် နှစ်ဆ လောက်ပိုပေးပြီး အောင်တာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းသမားတွေမှာက တင်ဒါကြေး၊ ဆောက်လုပ်ပြင်ဆင်စရိတ်၊ ဧည့်ကြို(ရွှေကြို)စရိတ်၊ အလုပ်သမားစရိတ်တွေ ရင်းနှီး လုပ်ကိုင်ရပါတယ်  ” ဟု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် တည်းခိုဆောင်အဆင်မပြေသူများအနေဖြင့် ဘုရားရွာတွင် သဒ္ဓါ ကြေးဖြင့် တည်းခိုနိုင်ကြောင်းသိရပြီး ယခုနှစ်တွင်ဖောက်လုပ်လိုက်သော  ရွှေစက်တော် ကား ပတ်လမ်းကြောင့် ဘုရားဖူးပြည်သူများ သွားလာမှုအဆင်ပြေကာ ဒေသခံပြည်သူများတွင်လည်း ငွေဆောင်၊ ချောင်းသာဒေသအနီးရှိ ကျေးရွာများကဲ့သို့ အကျိုးဖြစ်ထွန်းမှုများရှိလာမည်ဖြစ်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၏ ပြောကြားချက်အရ သိရသည်။

ဇေယျတု(မကွေး)

 

mdn