တည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်သော မြိုတိုင်းရင်းသားတို့၏ ကျေးရွာများ

မောင်တော ၂၅ ဒီဇင်ဘာ

 

မောင်တောမြို့နယ် မြောက်ပိုင်းရှိ မြိုတိုင်းရင်းသားမိသားစုများသည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ယခုအခါ အခြေတကျနေထိုင် လုပ်ကိုင်စားသောက်ကြသူများ၊ အိမ်ရာသစ်တည်ဆောက်ခြင်းလုပ်ငန်းများ၊ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသူများဖြင့် တည်ငြိမ်အေးချမ်းမှုများ စတင်ရရှိလာသည်ကို တွေ့ရသည်။

 

''ကျွန်တော်တို့ရွာက သစ်တုံးနားခွ ဆုံကျေးရွာပါ၊ အိမ်ခြေ ၃ဝဝ ကျော်ရှိပါတယ်၊ မြိုတိုင်းရင်းသားဦးရေ ၁၆၉၆ ဦး ရှိပါတယ်၊ ခုဆိုရင် တောင်ပေါ်တောင်ကြားတွေမှာရှိတဲ့ မျောက်ခေါင်းတောင်၊ ပန်းချောင်း ၊ ခရုချောင်း၊ အောက်အင်း ချောင်းကျေးရွာတွေကို ကျွန်တော်တို့ ရွာနဲ့ပေါင်းပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က နေအိမ်သစ်တွေ ဆောက်လုပ်ပေးလျက်ရှိပါတယ်၊ ဒီလို မြိုတိုင်းရင်းသားကျေးရွာတွေကို တစ်စုတစ်စည်းတည်း နေအိမ်တွေတည် ဆောက်ပေးလိုက်တဲ့အတွက် ဒေသတွင်း စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာမှာဖြစ်ပါတယ်၊ ဒီအတွက် နိုင်ငံတော် အစိုးရကို အထူးပဲကျေးဇူးတင်ရှိပါတယ်''ဟု သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ကိုမောင်ဇုံက ပြောသည်။

 

 

''ခု လောလောဆယ်မှာတော့ မျောက်ခေါင်းတောင်နဲ့ ပန်းချောင်းက ပြောင်းလာတဲ့ အိမ်ထောင်စုတွေက ယာယီတဲအိမ်တွေ ဆောက်လုပ်နေထိုင် ကြပါတယ်၊ အခုတဲအိမ် ၄၅ လုံး ဆောက်လုပ်ထားပါတယ်။ ထပ်မံပြီးတော့လည်း တဲအိမ်လေးတွေ ဆောက်လုပ်နေကြပါတယ်၊ အဓိကကတော့ တောင်ယာ လုပ်ကိုင်စားကြပါတယ်''ဟု သစ်တုံးနား ခွဆုံကျေးရွာမှ ကိုသန်းနိုင်က ပြောသည်။

 

''ကျွန်တော်က နန်းရာကိုင်း မြိုကျေးရွာကပါ။ ကျွန်တော်တို့ရွာကို နတလက အိမ်ခြေ အလုံး ၅ဝ တည်ဆောက်ပေးဖို့ စာကျထားပြီဖြစ်ပါတယ်၊ လမ်း ဖောက်လုပ်ခြင်းနဲ့ တံတားသုံးစင်းတည် ဆောက်ပေးဖို့လည်း ပါဝင်ပါတယ်၊ ဒါပေမယ့် အခုအထိ လုပ်ငန်းမစသေးပါဘူး၊ မိုးမကျမီ ဆောင်ရွက်ပေးစေလိုပါတယ်''ဟု နန်းရာကိုင်းကျေးရွာမှ ဦးထွန်းပုံက ပြောသည်။

 

အဆိုပါ သစ်တုံးနားခွဆုံကျေးရွာနှင့် မလှမ်းမကမ်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ခုံတိုင်မြိုတိုင်းရင်းသားကျေးရွာကိုလည်း တည်ဆောက်လျက်ရှိသည်။ မောင်တောမြို့နယ် မြောက်ပိုင်းတွင် မြိုတိုင်းရင်းသားကျေးရွာ ၁၆ ရွာရှိကြောင်း သိရသည်။ ယခုအခါ မြိုတိုင်းရင်း သားကျေးရွာများတွင် စပါးရိတ်၊ စပါးလှေ့ တောင်ယာလုပ်ငန်း လုပ်ကိုင်ကြသူများ၊ စာသင်ခန်းများ၌ ကလေးများအား စာသင်ကြားနေမှုမြင်ကွင်းများ၊ တဲအိမ်သစ်များ ဆောက်လုပ်နေမှုမြင်ကွင်းများ၊ ကျေးရွာသစ်စီမံကိန်းလုပ်ငန်းခွင်များဖြင့် တည်ငြိမ်အေးချမ်းမှုပုံရိပ်များကို တွေ့မြင်နေရပြီဖြစ်သည်။

 

မြင့်မောင်၊ ဇေယျာ
ဓာတ်ပုံ၊ နေဝင်းထွန်း