တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

နေပြည်တော် စက်တင်ဘာ ၂၉

“အကြမ်းဖက်မှုများ၊ မီးရှို့ဖျက်ဆီးခြင်းများ၊ သတ်ဖြတ်ခြင်းများ၊ မိုင်းခွဲတိုက်ခိုက်ခြင်းများသည် ဒီမိုကရေစီ၏ဆန့်ကျင်ဘက်ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ၎င်းတို့ထံမှ သင်ခန်းစာများကိုယူ၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းကို လိုလားကြောင်း၊ ကောင်းမွန်သည့် ဒီမိုကရေစီအလေ့အထကို ရစေချင်ကြောင်း၊ လူအများစု၏ဆန္ဒဆိုပြီး ဥပဒေနှင့်ဆန့်ကျင်ကာ ဆောင်ရွက်၍ မရကြောင်း၊ မိမိတို့နှင့်မိမိတို့မွေးထုတ်လိုက်သည့် မျိုးဆက်များတွင် မကောင်းသောအကျင့် ပါမသွားရန်လိုကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) တွင် နိုင်ငံတော်ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။

မကောင်းသောအကျင့်၊ မကောင်းသောဓလေ့စရိုက် ဆိုးသွမ်းမှုများမှာ ကိုယ်ကျင့်စာရိတ္တ ပျက်ပြားသူများ၊ လူဆိုးလူမိုက်များသာ ပြုလုပ်လေ့ရှိသည့် အမှုအကျင့်များဖြစ်သည်။ အကြမ်းဖက်ဖျက်ဆီး လုယက်သတ်ဖြတ်မှုများဆိုလျှင် ပိုမိုဆိုးရွားသည့် အကုသိုလ်ဒုစရိုက်အမှုများ ဖြစ်သည်။ လူ့ဘောင်လောက သာယာထွန်းကားရေးအတွက် မကောင်းမှုဒုစရိုက်၊ မကောင်းသောအမူအကျင့်များကို မည်သည့်လူ့ဘောင်အဖွဲ့ အစည်းကမျှ လက်မခံကြချေ။ သူတစ်ပါး၏ အသက်အိုးအိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါး၏ပစ္စည်းဥစ္စာကို လုယက်ဖျက်ဆီးခြင်း၊ သူတစ်ပါး၏အသက်ကိုသတ်ဖြတ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့သည် တရားဥပဒေကို ချိုးဖောက်သောဒုစရိုက်အမှုများဖြစ်ကြသည်။

ဤဒုစရိုက်အမှုများသည် နိုင်ငံတော်အတွင်း အေးချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်စေသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းသာယာ၍ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးပြီး မေတ္တာတရားထားရေး၊ ပြည်ထောင်စုကြီးတည်တံ့ဝပြောရေးတို့ကို အလိုရှိကြသော ပြည်သူအပေါင်းတို့သည် မင်းမဲ့စရိုက်ဖြစ်သည့် ဒုစရိုက်မှုများကို တားဆီးနှိမ်နင်းကြရသည်။ နိုင်ငံတော်တွင် မကောင်းမှုဒုစရိုက်အမှုများ ပပျောက်ပြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် မိမိတို့မျိုးဆက်များ၏ နှလုံးသည်းပွတ်များတွင် ဒုစရိုက်အမှုများ မကိန်းအောင်းအောင် နှိမ်နင်းဖယ်ရှားပြီး ကောင်းသောအမှုများ၊ ကောင်းသောအလေ့အထများ ထွန်းကားလာအောင် ပျိုးထောင်ပေးကြရမည် ဖြစ်သည်။

ယခုအခါ CRPH NUG စသည့်အဖွဲ့များ၏ ပြောဆိုဆောင်ရွက်နေသည့်ကိစ္စများသည် အကြမ်းဖက်လမ်းစဉ်၊ ဒုစရိုက်အမူအကျင့်များအား ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ထို့အတူ ၎င်းတို့နှင့်ဆက်စပ်ဆောင်ရွက်နေသည့် EAO အချို့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက်နည်းလမ်းများ၊ သွယ်ဝိုက်သောနည်းလမ်းများဖြင့် ပါဝင်ကူညီဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါ CRPH NUG နှင့်ဆက်စပ်နေသော အပေါင်းပါများသည် ဒီမိုကရေစီနည်းအရ နိုင်ငံတိုးတက်ရာတိုးတက်ကြောင်း၊ ကောင်းမွန်ရာကောင်းမွန်ကြောင်း တိုက်တွန်းပြောဆိုမှုများ လုံးဝမရှိဘဲ လူသတ်ခြင်း၊ မိုင်းခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန်သာ တိုက်တွန်းပြောဆို၍ နိုင်ငံပျက်စီးရာပျက်စီးကြောင်းကိုသာ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအတွင်း မကောင်းမှုဒုစရိုက်များ ချုပ်ငြိမ်းသွားအောင်၊ လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်း လုံးဝသွေဖည်မသွားအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်။ အထူးသဖြင့် မိမိတို့၏မျိုးဆက်များတွင် မကောင်းသောအမူအကျင့်များကို နားယောင်၍ မကောင်းသောမျိုးဆက်ဖြစ်နိုင်မှုများကို တားဆီးကာကွယ် ပေးလျက်ရှိသည်။

၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည်ကို ဥပဒေအရ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံတော်အာဏာကို ဥပဒေမဲ့ ရယူရန်ကြိုးစားမှုကြောင့် ဖယ်ရှားခြင်းခံလိုက်ရသည်ကို မကျေနပ်သောအားဖြင့် အကြမ်းဖက်လမ်းစဉ် ပေါ်ပေါက်လာအောင် တွန်းပို့လာကြသည်ကို တွေ့ရမည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဥပဒေနှင့်မလျပ်ညီဘဲ ဆောင်ရွက်ခဲ့မှုကြောင့် ဖယ်ရှားခံရသူများက ဥပဒေဖြင့်မဖြေရှင်းဘဲ အကြမ်းဖက်နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်လာခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီနည်းလမ်း ကိုသာ လိုလားပြီး ပြည်သူလူထုဆန္ဒကို အလေးအနက်ထားသည်။ သို့သော် ဒီမိုကရေစီနည်းလမ်း၊ စည်းကမ်းဥပဒေများအားသွေဖည်၍ လမ်းမှားဆောင်ရွက်လာခြင်းကို ဥပဒေနှင့်အညီ တားဆီးကာကွယ်သွားရမည်သာ ဖြစ်သည်။

ယခုအခါတွင် ဥပဒေစည်းကမ်းများကို ဖောက်ဖျက်သဖြင့် အာဏာလက်လွှတ် လိုက်ရသူများသည် အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲရှိသူများ၊ မသိနားမလည်။ သွေးကွဲလိုသူများ၊ နိုင်ငံရေးတောကြောင်များ၊ ပွဲလန့်စဉ် ဖျာခင်းလိုသူများ၊ လူဆိုးလူမိုက်များကို စည်းရုံးသွေးဆောင်၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေး၊ တိုင်းပြည်ပြိုကွဲပျက်စီးရေးကို တစိုက်မတ်မတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အနာဂတ်နိုင်ငံတော်နှင့် ပြည်သူပြည်သားများ တည်ငြိမ်အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်မှုများကို ရယူပိုင်ဆိုင်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူနေသောကာလအတွင်း အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားလိမ့်မည်ဟု ယုံကြည်ပါကြောင်း။   ။

ကြေးမုံ