တည်ငြိမ်အေးချမ်းရေးမှသည် ဖွံ့ဖြိုးရေးသို့

၁၃ ဒီဇင်ဘာ

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် အဖွဲ့အား ၁၉ ရက်နေ့ နံနက်ပိုင်းက လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ရပ်ဝန်းနှင့် လမ်းကြောင်း စီမံကိန်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်ဟု သိရသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် နိုဝင်ဘာ ၁၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ ရောက်ရှိခဲ့ပြီး ယင်းမှနေ၍ အာရှ-ဥရောပ အစည်းအဝေးတက်ရန် နေပြည်တော်သို့ လာရောက်ခြင်းဖြစ်သည်။ ထိုနေ့က မစ္စတာ ဝမ်ယိသည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနှင့်တွေ့ဆုံ၍ ဘင်္ဂါလီပြဿနာကို ဖြေရှင်းရာတွင် တရုတ်က ကူညီပေးမည်ဟု ကတိပြုပြောကြားခဲ့သည်။ ဤပြဿနာမှာ ရှုပ်ထွေးသော အခြေအနေတစ်ခုဖြစ်ကြောင်း၊ အလုံးစုံ ပြေလည်မှုတစ်ရပ် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ စီးပွားရေးဖြိုးတိုးတက်ဖို့ လိုအပ်ကြောင်း၊ တရုတ်က ကူညီဖို့အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

 

ယခုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ ဝမ်ယိက ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အကြံပြုချက် သုံးချက် တင်ပြသွားခဲ့သည်။ ပထမအနေနှင့်တည်ငြိမ်မှု၊ အေးချမ်းမှုရရှိပြီး နောက်ထပ် ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပေါ်စေရေးအတွက် ထိန်းသိမ်းရန်၊ ဒုတိယအနေဖြင့် ဆွေးနွေးပွဲအတွက် ကောင်းမွန်သောနည်းလမ်း ရှာဖွေရန်ဖြစ်ပြီး တတိယအနေဖြင့် သဘောတူညီချက် စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုကာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဖော်ဆောင်ရန် စသည်တို့ ဖြစ်ပါသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အကြံပြုချက်များမှာ လက်ရှိ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်နေသော လုပ်ငန်းစဉ်များပင်ဖြစ်ပါသည်။ စုစုပေါင်းအဖွဲ့ ကိုးဖွဲ့ပါရှိသော ရခိုင်ပြည်နယ် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ (UEHRD)နှင့် ပြည်နယ်အစိုးရတို့ ညှိနှိုင်းအကောင်အထည်ဖော်နေသော လုပ်ငန်းစဉ်များတွင် ထိုအချက်များ လွှမ်းခြုံပါဝင်လျက်ရှိသည်။ လုပ်ငန်းအတော်များများကို စတင်အကောင်အထည်ဖော် လျက်ရှိနေသည်ကို တွေ့ရပါသည်။

 

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်းတွင် တည်ငြိမ်အေးချမ်းမှု မရှိခြင်း၏ အကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်သည် သဘာဝအရင်းအမြစ်များ ကြွယ်ဝသော်လည်း လုံလောက်သော ဖွံ့ဖြိုးတိုးတက်မှု လုပ်မထားရသေးကြောင်း၊ ဤဒေသတွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးပါဝင်ကူညီဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံကလည်း တစ်ခန်းတစ်ကဏ္ဍပါဝင်ဖို့ စိတ်အားထက်သန်ကြောင်း ပြောကြားသွားခြင်း ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ်သည် သဘာဝအရင်းအမြစ်များ ကြွယ်ဝလှသည်မှာ အမှန်ပင်ဖြစ်သည်။ ဥပမာ၊ မောင်တောဒေသဆိုလျှင် တစ်ဖက်တွင် ပင်လယ်ပြင်၊ တစ်ဖက်တွင် မယူတောင်တန်းတည်ရှိ၍ အလယ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ကဲ့သို့သော ကျယ်ပြောပြန့်ပြူးလှသည့် မြေသြဇာကောင်းသည့် လယ်မြေများရှိနေသည်။ အဓိကလိုအပ်သည်မှာ လမ်းပန်းဆက်သွယ်ရေး ဖြစ်သည်။ ယခုမူလ ဘူးသီးတောင်၊ မောင်တော တောင်ကျော်လမ်း၏ အောက်ဘက်တွင် လမ်းသစ် နှစ်လမ်းနှင့် အပေါ်ဘက်တွင် လမ်းသစ်နှစ်လမ်း ဖောက်လုပ်လျက်ရှိသည်။ ထိုလမ်းများပြီးလျှင် ရသေ့တောင်၊ ဘူးသီးတောင်ဘက်မှ ကုန်စည်များ မောင်တောနယ်စပ်က ဂိတ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ကူးသန်းစီးဆင်းနိုင်မည် ဖြစ်သည်။ ထို့ပြင် လုံခြုံရေးအရလည်း အကြမ်းဖက်သမားများရန်မှ ကာကွယ်ရန် ထိုလမ်းကြောင်းများသည် များစွာ အသုံးဝင်လာ မည်ဖြစ်သည်။

 

မောင်တော နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်များနှင့် မတူဘဲ မိမိဘက်မှ အမြဲပိုငွေပြသော ဂိတ်ဖြစ်ပါသည်။ ကွမ်းသီး၊ ဆီးထုပ်မှစ၍ ထွက်ကုန်မျိုးစုံ၊ သစ်တောထွက်၊ ရေထွက်ပစ္စည်းမျိုးစုံ ရောင်းရသော နယ်စပ်ဖြစ်သည်။ ယခု ကညင်ချောင်း စီးပွားရေးဇုန်ကို အကောင်အထည်ဖော် လျက်ရှိရာ များမကြာမီကာလများအတွင်း တည်ငြိမ်အေးချမ်းမှုများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုများကိုပါ တွေ့မြင်လာရစရာရှိကြောင်း တင်ပြလိုက်ရပါသည်။