တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ကျော်ဖြတ်

နေပြည်တော် ၁၈ သြဂုတ်

 

အမေရိကန်ဒေါ်လာ ငွေကြေးတန်ဖိုး တစ်နေ့တခြား မြင့်မားလာသည်ကို မြင်တွေ့ကြားသိကြရပေလိမ့်မည်။ အမေရိကန်ဒေါ်လာ ငွေလဲလှယ်ဈေးနှုန်း မြင့်တက်လာမှုကြောင့် အမေရိကန်ဒေါ်လာကို အခြေခံတွက်ချက် ရသည့် မြန်မာနိုင်ငံမှ ပြည်ပသွင်းကုန်၊ လူသုံးကုန်ပစ္စည်းအချို့ ဈေးနှုန်းအတိုင်းအတာတစ်ခုအထိ မြင့်တက်လာသဖြင့် စီးပွားရေးလောကတွင်ဂယက်ရိုက်ခတ်မှုရှိမည်ဖြစ်သည်။

 

လက်ရှိတွင် စီးပွားရေးဂယက်၊ ငွေကြေးဂယက် တစ်ကမ္ဘာလုံးရိုက်ခတ်နေသည်။ ယင်းအခြေအနေမှာ အမေရိကန်ငွေကြေး ခိုင်မာအားကောင်းလာမှုကြောင့် အခြားနိုင်ငံတကာသုံးငွေကြေးများ တန်ဖိုး ကျဆင်းလာခြင်း၏ နောက်ဆက်တွဲဂယက်ဖြစ်သည်။ အင်အားကြီးနိုင်ငံကြီး၏ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲပြုလုပ်ခြင်း၏ ရိုက်ခတ်မှုဟုလည်း ဆိုနိုင်သည်။ အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံ၏ ကုန်သွယ်ရေးယှဉ်ပြိုင်မှုသည် ကျွဲနှစ်ကောင်ကြားမှ မြေစာပင်ကဲ့သို့ အင်အားနည်းသော မြန်မာနိုင်ငံအပါအဝင် နိုင်ငံငယ်များအားလုံးအနေဖြင့်လည်းထိခိုက်မှုရှိမည်မှာ အမှန်ဖြစ်သည်။

 

ငွေကြေးဂယက်ရိုက်ခတ်မှုသည် နိုင်ငံတကာငွေကြေးဈေးကွက်တွင် အဓိကစံထားသည့် အမေရိကန်ဒေါ်လာနှင့်ပတ်သက်သဖြင့် နိုင်ငံတကာသုံး ငွေကြေးရှိသည့် နိုင်ငံများပင် ထိခိုက်မှုရှိနေပြီး မြန်မာနိုင်ငံအနေဖြင့်မူ ဆိုဖွယ်မရှိချေ။ မြန်မာနိုင်ငံ၏ စီးပွားရေးလောကတွင်ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံကို မှီခိုအားထားရပြီး ထိုနိုင်ငံအားရိုက်ခတ်လျှင် မြန်မာနိုင်ငံလည်း အဖျားခတ်မည်ဖြစ်သည်။ ပို့ကုန်ထက် သွင်းကုန်အများဆုံး တင်သွင်းရသော မြန်မာနိုင်ငံအဖို့ ကုန်သွယ်မှုအတွက်လိုအပ်သော အမေရိကန်ဒေါ်လာကို ဝယ်ယူအသုံးပြုရသည်။ ကုန်သွယ်မှုဈေးကွက်တွင်ဖြစ်စေ၊ ငွေကြေးဈေးကွက်တွင်ဖြစ်စေ လိုအင်မြင့်မားလာ လျှင် တန်ဖိုးတက်လာမည်ဖြစ်သည်။

 

ယခု ကျပ်ငွေတန်ဖိုးကျဆင်းခြင်းသည် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတကာသုံးငွေကြေးဂယက်နှင့် ကုန်သွယ်မှုလိုငွေ မြင့်မားလာသောကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းဖြစ်သည်။ နိုင်ငံတကာသုံးငွေကြေးဂယက်သည် အချိန်အတိုင်းအတာတစ်ခုအထိ ရှိနေမည်ဖြစ်သည်။ ၁၉၉၇ ခုနှစ်ကလည်း ဖြစ်ခဲ့ဖူးသည်။ ပြည်သူများအတွက် စိုးရိမ်ပူပန်ဖွယ် အလွန်အမင်းမဖြစ်နိုင်ဟုမျှော်လင့်ရသည်။ ကုန်သွယ်မှုလိုငွေကို လတ်တလောမဟုတ်သော်လည်း ရေရှည်တွင်ကျဆင်းလာရေး ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်သည်။ ဥပမာ အသေးစား၊ အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အရည်အသွေးမြင့်မားရေး၊ ပြည်ပသွင်းကုန်အစားထိုးရေး၊ အောင်မြင်ရေးကို သက်ဆိုင်သူများအားလုံး ဝိုင်းဝန်း၍ ပိုမိုကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ဤသို့ လုပ်ကိုင်နိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် လုပ်သာကိုင်သာရှိသော အခွင့်အလမ်းများ ဖန်တီးပေးဖို့လိုအပ်မည် ဖြစ်သည်။လုပ်ငန်းရှင်များ ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားစေရေး၊ ပြည်သူများ စိုးရိမ်ပူပန်မှုလျော့နည်းစေရေး ဖန်တီးပေးရမည်ဖြစ်သည်။ နိုင်ငံခြားငွေလိုအပ်ချက်မြင့်မားနေမှုသည် လက်ရှိကြုံတွေ့နေရသော ငွေကြေးဂယက်တွင် ရိုက်ခတ်မှုပိုလာနိုင်သဖြင့် စိုးရိမ်ပူပန်မှုနှင့် လိုအင်ဆန္ဒများကို လျှော့ချရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လုပ်သာကိုင်သာရှိသော အခြေအနေကောင်းများလည်း ရှိသည်။ ပြည်တွင်း အရင်းအမြစ်များလည်းရှိပြီးဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတကာငွေကြေးဂယက် ရိုက်ခတ်နေသော ယနေ့ကာလတွင် နိုင်ငံခြားငွေကို အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်း၊ ပြည်သူများအနေဖြင့် အလွန်အကျွံ စိုးရိမ်ပူပန်ခြင်းတို့မဖြစ်ကြဘဲ လက်ရှိ ဖြစ်တည်နေသည့် စီးပွားရေးဖြစ်ထွန်းမှုနှင့် ထုတ်ကုန်၊ ပို့ကုန် မြင့်မားရေးကို ဝိုင်းဝန်းကူညီကြိုးပမ်းဆောင်ရွက်ရင်း ကြုံတွေ့နေရသော ငွေကြေးဂယက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်ကျော်လွှားကြရမည် ဖြစ်ပါကြောင်း။ ။