၁၅ ဒီဇင်ဘာ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် အခြေပြု ရပ်တည် ရသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ပို့ကုန်တို့ အနက် လယ်ယာထွက်ကုန်တို့သည် အရေးပါသော ပြည်ပပို့ကုန်များ ဖြစ်ပါသည်။ သို့သော် လယ်ယာထွက်ကုန်တို့သည် ရာသီဥတုဖောက်ပြန်ခြင်း အပါအဝင် သဘာဝဘေးအန္တရာယ်တို့ကြောင့် မျှော်လင့်မထားသော ပျက်စီးဆုံးရှုံးမှုတို့ကို ကြုံတွေ့ နိုင်သကဲ့သို့ ဝယ်ယူသည့်နိုင်ငံ၏ ဈေးကွက် တို့၌ ထင်မှတ်မထားသော ဝယ်လိုအား ကျဆင်းခြင်းမျိုး ကြုံတွေ့ရပါ ကလည်း ငွေကြေးအရင်းအနှီးဆုံးရှုံးမှုတို့ကို ကြုံတွေ့ရနိုင်ပါသည်။

 

မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရေးကို ဥပမာအနေဖြင့် တင်ပြပါမည်။ မြန်မာနိုင်ငံက ထွက်ရှိသော ပဲအမျိုးမျိုးတို့ကို အိန္ဒိယနိုင်ငံ သို့ အဓိကထား တင်ပို့လျက်ရှိပါသည်။ သို့သော် အိန္ဒိယနိုင်ငံ၏ ထင်မှတ် မထားသော မူဝါဒ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံထွက်ပဲတို့ တင်ပို့ ရန် ဈေးကွက်ပျောက်သွားသကဲ့သို့ ဖြစ်သွားပါသည်။ ဤဖြစ်ရပ်သည် တောင်သူလယ်သမားတို့အပါအဝင် မြန်မာနိုင်ငံ၏ ပဲစိုက်ပျိုးရေးကဏ္ဍအပေါ် ကြီးမားသောဂယက် သက်ရောက်နိုင်သည့် ဖြစ်ရပ်ဖြစ်ပါသည်။ ပဲစင်းငုံဆိုပါက မကွေးတိုင်းဒေသကြီးတစ်ခုတည်း၌ပင် စိုက်ဧက ၄၄၄၆၂၆ ဧက ရှိပြီး တစ်နှစ်လျှင် ပဲစင်းငုံ ၈၃၇၆ဝ၃တင်းထွက်ရှိသည်ဟု သိရှိရပါ သည်။ သို့သော် အိန္ဒိယနိုင်ငံက မြန်မာ့ပဲစင်းငုံတို့ကို အဝယ်ရပ်လိုက် သည့်အတွက် ပဲစင်းငုံစိုက်တောင်သူတို့မှာ များစွာအခက်ကြုံလျက်ရှိနေကြ ပါသည်။ ဤအခက်အခဲ၏ ထွက်ပေါက်မှာ ပဲစင်းငုံကို အခြေခံသည့် တန်ဖိုးမြင့် စားသောက်ကုန်များ ထုတ်လုပ်ခြင်း ဖြစ်ပါသည်။

 

အမှန်မှာမူ ပဲစင်းငုံကိုအခြေခံပြီး ထုတ်လုပ်နိုင်သည့် တန်ဖိုးမြင့် စားသောက်ကုန်တို့မှာ အများအပြားရှိပါသည်။ အဆိုပါ တန်ဖိုးမြင့် စားသောက်ကုန်တို့ အနက် တချို့ကို ဖော်ပြရပါက ခေါက်ဆွဲ၊ အာဟာရမှုန့်၊ ဟင်းခတ်မှုန့်၊ ပဲလမုန့်၊ ပဲချောင်း အဆိမ့်၊ ပူတင်း၊ ကွတ်ကီးနှင့် ရွှေကြည် ဆနွင်းမကင်းတို့ဖြစ်ပါသည်။ ဤပဲစင်းငုံကို အခြေခံသည့် တန်ဖိုးမြင့် စားသောက်ကုန်စာရင်းကို ကြည့်လျှင်ပင် ပဲစင်းငုံ အခြေခံစားသောက်ကုန် လုပ်ငန်းတို့၏ ကျယ်ပြန့်သော ဈေးကွက်ကို ခန့်မှန်းနိုင်မည် ဖြစ်ပါသည်။

 

မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုဦးစီးဌာနက မြို့နယ် ပေါင်းစုံမှ တက်ရောက်လာသော သင်တန်းသား ၂ဝ တို့အား တန်ဖိုးမြင့် စားသောက်ကုန် မျိုးစုံထုတ်လုပ်နိုင်မည့် ပဲစင်းငုံအခြေခံစားသောက် ကုန်ထုတ်လုပ်ရေး နည်းပညာတို့ကို သင်တန်းပို့ချသင်ကြားလျက် ရှိပါသည်။ အဆိုပါ သင်တန်းကို ငါးရက်ကြာ သင်ကြားပို့ချပေးမည်ဟု သိရှိရပါသည်။ တိုင်းပြည်၏ ပကတိလိုအပ်ချက်ကို ထင်ဟပ်လျက်ကြိုးပမ်း အဖြေရှာ အကောင်အထည်ဖော်လျက်ရှိသော မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု ဦးစီးဌာန၏ ကြိုးပမ်းမှုကို ချီးကျူးအသိ အမှတ်ပြုရမည်ဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုဦးစီးဌာန၏ ကြိုးပမ်းမှုကို ဆောင်ရွက်နိုင်စွမ်းရှိ သည့် အခြားသော ပုဂ္ဂိုလ်အဖွဲ့အစည်းတို့က အားဖြည့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တခြားသော လိုအပ်ချက်မျိုးစုံကိုလည်း အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ သို့မှသာ ပဲစင်းငုံကို အခြေခံသည့် တန်ဖိုးမြင့်စားသောက်ကုန်လုပ်ငန်းကဏ္ဍသည် ပဲစိုက်တောင်သူတို့ စိုက်ပျိုးသမျှကို တန်ဖိုးမြင့် စားသောက်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ပဲစိုက်တောင်သူတို့၏ ဘဝမြှင့်တင်ရေးနှင့်အတူ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။