တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

အင်တော   ၂၉  စက်တင်ဘာ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရရှိစေရေးအတွက် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် အိမ်တွင်းမှုလုပ်ငန်းများ ကျွမ်းကျင်စွာတတ်မြောက်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အင်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနပြည်နယ်ဦးစီးမှူးဦးသက်နိုင်ဦးကသင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းယုက အမှာစကားပြောကြားသည်။

ဆက်လက်၍ သင်တန်းမှ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆုရရှိသူများကို ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦး၊ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းယု နှင့် ဆရာမဒေါ်စန်းစန်းဝင်းတို့က ဆုများချီးမြှင့်ကြသည်။ ထို့နောက် သင်တန်းနည်းပြ ဒေါ်မြင့်မြင့်စီက သင်တန်းဆင်းလက်မှတ်ကို သင်တန်းသူတစ်ဦးထံ ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက သင်တန်းသူသင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီး အကဲများ၊    ဖိတ်ကြားထားသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြခဲ့ကြောင်းသတင်းရရှိသည်။
                                                                                                                              
အင်တော(ပြန်/ဆက်)